ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၃ ရက်

ထိုင်းနိုင်ငံတွင် လိင်တူလက်ထပ်ထိမ်းမြားခွင့် ဥပဒေ တရားဝင်အသက်ဝင်ခဲ့ပြီးနောက် နိုင်ငံတစ်ဝန်းရှိ LGBTQ+ စုံတွဲများမှာ ယနေ့ ဇန်နဝါရီ ၂၃ ရက်နေ့တွင် ခရိုင်ရုံးများ နှင့် ဈေးဝယ်စင်တာများတွင် လက်ထပ်ခဲ့ကြကြောင်း သိရသည်။

ထိုင်း အာဏာပိုင်များနှင့်အတူ Bangkok Pride ကမ်ပိန်းအဖွဲ့မှ စီစဉ်သည့် LGBTQ+ မင်္ဂလာပွဲကို Siam Paragon ဈေးဝယ်စင်တာတွင် ကျင်းပခဲ့ရာ စုံတွဲ ရာနှင့်ချီ၍ မှတ်ပုံတင်ရန် ခန့်မှန်းထားပြီး အခြားမင်္ဂလာပွဲများကိုလည်း ထိုင်းနိုင်ငံတစ်ဝန်းတွင် ပြုလုပ်ရန် စီစဉ်ထားသောကြောင့် ဥပဒေ အသက်ဝင်သည့် ပထမဆုံးနေ့တွင်ပင် အနည်းဆုံး စုံတွဲ ၁၀၀၀ လက်ထပ်ရန် ခန့်မှန်းထားကြောင်း ပွဲစီစဉ်သူများက ဆိုသည်။

“ဒီနေ့ သက်တန့်အလံဟာ ထိုင်းနိုင်ငံမှာ ဂုဏ်ယူ၀င့်ကြွားစွာ ပျံသန်းနေပါတယ်” ဟု ဝန်ကြီးချုပ် Paetongtarn Shinawatra က ဆိုရှယ်မီဒီယာ တစ်ခုဖြစ်သည့် X တွင် ဗီဒီယိုဖြင့် ပို့စ်တင်ကာ ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၏ လိင်တူလက်ထပ်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြီးခဲ့သည့် ဇွန်လက ပါလီမန်တွင် မဲခွဲဆုံးဖြတ်ခဲ့ကြပြီး ထိုင်ဝမ် နှင့် နီပေါပြီးပါက ထိုင်းနိုင်ငံသည် အာရှတွင် လိင်တူလက်ထပ်ခြင်း တရား၀င်သည့် တတိယနိုင်ငံဖြစ်လာကာ အရှေ့တောင်အာရှတွင် လိင်တူလက်ထက်ခွင့်ရသည့် ပထမဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း သိရသည်။

လိင်တူလက်ထပ်ခွင့် ဥပဒေတွင် ပထဦးဆုံးအနေဖြင့် ထိုင်းနိုင်ငံသားများသာ အကြုံးဝင်မည်ဖြစ်ပြီး နိုင်ငံခြားသားများအနေဖြင့် လာရောက်လက်ထပ်ရန် မှတ်ပုံတင်နိုင်ခြင်း မရှိသေးဘဲ ထိုင်းနိုင်ငံသား တစ်ဦး နှင့် လက်ထပ်သည့် နိုင်ငံခြားသားသည်လည်း တရားဝင်လက်ထပ်နိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။

“ဒီနေ့ဟာ ကျွန်မတို့အတွက်သာမက ကလေးတွေအတွက်ပါ အရေးကြီးတယ်။ နောက်ဆုံးတော့ ကျွန်မတို့ မိသားစု တစ်စုတစည်းတည်း ဖြစ်သွားပြီ” ဟု ယခုကဲ့သို့ လက်ထက်နိုင်ရန် ဆယ်စုနှစ် နှစ်ခုစောင့်ဆိုင်းခဲ့ရသည့် လိင်ပြောင်းအမျိုးသမီး Ariya “Jin” Milintanapa က AFP ကို ပြောကြားခဲ့ပြီး အလွန်စိတ်လှုပ်ရှားကာ ပျော်မိကြောင်းလည်း ဆိုထားသည်။

ယခုအသိအမှတ်ပြုခဲ့သည့် လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေသည် “ယောက်ျား”၊“အမျိုးသမီး”၊ “ခင်ပွန်း” နှင့် “ဇနီးများ” အစား ကျား-မ ဘက်မလိုက်သော အသုံးအနှုန်းများကို အသုံးပြုထားပြီး က‌လေးမွေးစားခြင်းနှင့် အမွေဆက်ခံခွင့်ကိုလည်း ပေးထား ကြောင်း သိရသည်။

“ဒီနေ့ကို အချိန်အကြာကြီး စောင့်ဆိုင်းနေတာကြောင့် ဝမ်းသာပီတိဖြစ်ရပါတယ်။ အနှစ် ၂၀ လုံး ငါတို့ တစ်ယောက်ကိုတစ်ယောက် ချစ်ခဲ့ကြပြီး လူ့အဖွဲ့အစည်းရဲ့လက်မခံမှုတွေကနေ ရှောင်ပုန်းခဲ့ကြရတယ်။ ဒါပေမယ့် အခုတော့ ဂုဏ်ယူစွာ ရပ်တည်နိုင်ပါပြီ” အမျိုးသမီးချင်း လက်ထပ်ခဲ့ကြသည့် Rungtiwa Thangkanopast က ပြောဆိုခဲ့သည်။

ကိုးကား – Bangkok Post
ဓာတ်ပုံ – အင်တာနက်
#Ayeyarwaddy_Times #ထိုင်း #လိင်တူလက်ထပ်ခွင့် #တရားဝင် #စုံတွဲပေါင်း၁၀၀၀ကျော် #လက်ထက် #LGBTQ+