ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၃ရက်

အမ်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ကမြင်းကန်ဗျူဟာစခန်းနှင့် ပိန်းရေစမ်း‌ကျေးရွာရှိ စစ်ကောင်စီ စခန်းတို့ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်လိုက်ကြောင်း သိရသည်။

အင်အား ၂၀၀ခန့် ရှိသည့် စစ်ကောင်စီ၏ ကမြင်းကန်ဗျူဟာစခန်းကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ရက်နေ့တွင် AA က သိမ်းပိုက်ရရှိခဲ့ပြီး နတ်ရေကန်စခန်းနှင့် ဂုတ်ကြီးစခန်းတို့ကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။

ပိန်းရေစမ်း၊ ကြက်ရေစမ်းကျေးရွာများတွင်ရှိသော စစ်ကောင်စီတပ်နှင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကပင်တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီထံက ဒရုန်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ဇန်နဝါရီ ၂၀ရက်နေ့တွင် AA က ထုတ်ပြန်သည်။

“ကမြင်းကန်က အမ်းနဲ့ မကွေးအစပ်မှာရှိတဲ့ အင်အားကြီးစခန်းတစ်ခုပါ။ အဲဒါကို AAက သိမ်းဆည်း မိထားပါပြီ” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

AA သည် ကမြင်းကန်ဗျူဟာအပါအဝင် ပိန်းရေစမ်းနှင့် ကြက်ရေစမ်းစခန်းများကိုပါ သိမ်းပိုက်ထားပြီး ဖြစ်ကြောင်း သတင်းရင်းမြစ်က ဧရာ၀တီသတင်းဌာနကို အသိပေး ပြောကြားထားသည်။

စစ်ကောင်စီသည် ကမြင်းကန်ဂိတ်ကျသွားပြီးနောက် ကမြင်းကန်နှင့် ဂုတ်ကြီး လမ်းပိုင်းကြားတွင် ရှိသော တုံးကြီးတွင် လက်နက်ကြီးစခန်းတစ်ခု အခြေပြုလိုက်ကြောင်း သိရသည်။

အမ်းမြို့နယ်တစ်ခုလုံး နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တစ်ခုလုံးကို AAက သိမ်းပိုက် ပြီးနောက် စစ်ကောင်စီသည် နပခဌာနချုပ်၏ အလုပ်များကို စစ်တွေမှတစ်ဆင့် စီမံနေကြောင်း သိရသည်။

စစ်ကောင်စီသည် အမ်းမြို့နယ်ကို ပြန်ရဖို့အတွက် တပ်မ (၉၉) တပ်များကို အသုံးပြုနေသော်လည်း AA နှင့် ဒေသတော်လှန်ရေးတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ အင်အား ပြုန်းတီးလျက်ရှိသည်။

#အမ်း #ကမြင်းကန်ဗျူဟာ #AA #သိမ်းပိုက် #Ayeyarwaddy_Times