
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၃ ရက်
စစ်ရေးလှုပ်ခတ်မှုများ ရှိလာသော ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် ခုနစ်မြို့နယ်သို့ မည်သည့် အကြောင်းကိစ္စနှင့်မှ ခရီးမသွားရန် ဗြိတိန်နိုင်ငံ၏ The Foreign , Commonwealth and Development Office ( FCDO) ဌာနက ယနေ့ ဇန်နဝါရီ ၂၃ ရက် နေ့တွင် သတိပေးထုတ်ပြန်သည်။
ရခိုင်ပြည်နယ်နှင့် ထိစပ်လျက်ရှိသော ဧရာဝတီတိုင်းအတွင်းရှိ မြို့တော်ပုသိမ်မြို့အပါအဝင် ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ လေးမျက်နှာ၊ ရေကြည်၊ သာပေါင်းမြို့နယ်များသို့ အကြောင်းကိစ္စ မရှိဘဲ ခရီးမသွားရန်ထုတ်ပြန်သည်။
မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် ပဋိပက္ခသည် မတည်ငြိမ်မှုပိုများလာပြီး စစ်ကောင်စီက ခရီးသွားလာ မှုကို အချိန်မရွေးပိတ်ပင်လိုက်နိုင်ကြောင်းပါဝင်သည်။
လက်ရှိတွင် ဧရာဝတီတိုင်းအတွင်း စစ်မက်ဖြစ်ပွားမှုကျယ်ပြန့်လာကာ ပုသိမ်မြို့ထဲရှိ မကျီးဇင်ရွာနှင့် ဘောမိကျေးရွာတို့ကို အာရက္ခတပ်တော်(AA) က ထိန်းချုပ်ထားပြီး စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲမှုကြောင့် ဘောမိကျေးရွာသည် ပြာပုံနီးပါးဖြစ်နေကြောင်းသိရသည်။
ထို့ကြောင့် ဧရာဝတီတိုင်းအတွင်း စစ်ပွဲနှင့်နီးသည့်နေရာမှ ဒေသခံများအဆင့်ဆင့် ပြောင်းရွှေ့ နေပြီ ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရွှေသောင်ယံကမ်းခြေ၊ ချောင်းသာ နှင့် ငွေဆောင်ကမ်းခြေများသို့ အလည်သွားရောက်ရန် ကြိုတင် ဘွတ်ကင်ယူထားသည့် ဟိုတယ်ခန်းများနှင့် အဝေးပြေးကားလက်မှတ်များ ပြန်လည် ရောင်းချ မှုရှိကြောင်း ခရီးသွားလုပ်ငန်းများထံက စုံစမ်းသိရသည်။
ယင်းပြင် ချင်း၊ ကချင်၊ ကရင်နီ၊ ကရင်၊ မွန်၊ ရခိုင်အပါအဝင် ရှမ်းပြည်နယ် ၊ စစ်ကိုင်း၊ မကွေး၊ တနင်္ဿာရီအပါအဝင် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့နှင့် ရန်ကုန် – မန္တလေးအဝေးပြေးလမ်းဟောင်းသို့ ခရီးမသွားရန် FCDO ဌာန၏ ထုတ်ပြန်ချက်တွင်ပါဝင်သည်။
မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ အချိန်မရွေးဖမ်းဆီးနိုင်သည့် ဥပဒေပြဌာန်းချက်များအပါအဝင် VPN ကန့်သတ်မှု နှင့် ကျန်းမာရေးစောင့်ရှောက်မှု အခက်ခဲများရှိသဖြင့် မြန်မာနိုင်ငံသို့ခရီးမသွားရန် အနောက် နိုင်ငံအသီးသီးရှိ သက်ဆိုင်ရာနိုင်ငံများက ထုတ်ပြန်အသိပေးထားသည် ။
ဓာတ်ပုံ – လူမှုကွန်ရက်
#ဧရာဝတီတိုင်း #မြို့နယ်များ #ခရီးမသွားရန် #UK #သတိပေး #Ayeyarwaddy_Times