
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၃ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ဇန်နဝါရီဒုတိယပါတ်အတွင်း စစ်ကောင်စီမှ ရဟတ်ယာဥ်ကွင်း ပြုလုပ်ရန် မြေနေရာများ သတ်မှတ်နေကြောင်းသိရှိရသည်။
ပုသိမ်မြို့နယ် ရွာသစ်ကျေးရွာအုပ်စု ထန်းကုန်းကျေးရွာနှင့်ဇီးကုန်းကျေးရွာကြားတွင် ရဟတ်ယာဥ်ကွင်းပြုလုပ်ရန်စီစဥ်နေပြီး ၊ ကွင်းယားကုန်းကျေးရွာရှိ လစရ(၁၀)တပ်အနီးဘောလုံးကွင်းကိုလည်းရဟတ်ယာဥ်ဆင်းသက်နိုင်ရန် စီစဥ်မှုများပြုလုပ်နေကြောင်း သိရှိရသည်။
“သူတို့ကလေကြောင်းပဲ အားကိုးတာဆိုတော့ စစ်ကူတွေ ရိက္ခာတွေသယ်ဖို့ ရဟတ်ယာဉ်ဆင်းဖို့တွေဆောက်နေတာဖြစ်
မယ်”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ပုသိမ်မြို့နယ် ရှိ ရွှေသောင်ယံမြို့နှင့် ချောင်းသာမြို့ဘောလုံးကွင်းများကို ရဟတ်ယာဥ် ဆင်းသက်နိုင်ရန်ပြင်ဆင်ထားပြီး အခြားကျေးရွာများတွင်လည်း လိုက်လံတည်ဆောက်နေပြီး တိုက်ပွဲများဖြစ်ပေါ်လာပါက စစ်ရေးအရအကူအညီပေးရန်ဆောက်လုပ်ခြင်းဖြစ်နိုင်ကြောင်း စစ်ကောင်စီနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း ရေကြည်မြို့နယ်ရှိ အမြောက်တပ် ၃၄၄ အနီးတွင်လည်း တစ်မိုင်ပတ်လည်ရှိ လေယာဉ်ကွင်းကိုတည်ဆောက်ခဲ့သည်။ ဇန်နဝါရီလ အတွင်းက အာရက္ခတပ်တော် AA နှင့်ပူးပေါင်းတပ်မှ ငသိုင်းချောင်းမြို့နယ်ရှိစစ်ကောင်စီ၏ ဗေဒါစစ်ဆေးရေးဂိတ်အပြင်၊ ရွှေသောင်ယံမြို့မှ မကျီးဇင်နှင့်ဘောမိကျေးရွာများကို ဝင်ရောက်တိုက်ခိုက်သည့်နောက်ပိုင်းယခုကဲ့သို့ အရေးပေါ် ရဟတ်ယာဉ်ကွင်းများတည်ဆောက်လာခြင်း ဖြစ်သည်။
#ပုသိမ်မြို့နယ် #ကျေးရွာအချို့တွင် #စစ်ကောင်စီ #ရဟတ်ယာဉ်ကွင်းဆောက်ရန်ပြင်ဆင် #Ayeyarwaddy_Times