
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၃ ရက်
အာဏာသိမ်းပြီးနောက် မရှုမလှ အရေးနိမ့်လာသော စစ်ကောင်စီက ဖမ်းဆီးခံလိုက်ရသော ၎င်းတို့၏ စစ်သုံ့ပန်းများကိုပါမကျန် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေသလို တစ်ဖက်တွင်လည်း ထိုသူများအား စစ်သုံ့ပန်းလဲလှယ် ပြန်လွှတ်ပေးရန်အတွက်ပါ တွေ့ဆုံဆွေးနွေးနေကြောင်း သိရသည်။
တရုတ်အစိုးရ ဖိအားဖြင့် ယခု ဇန်နဝါရီရက်အတွင်းက ပြုလုပ်ခဲ့သော ကိုးကန့်တပ်ဖွဲ့ (MNDAA)နှင့် စစ်ကောင်စီတို့၏ ကူမင်းဆွေးနွေးပွဲတွင်လည်း စစ်သုံ့ပန်း လဲလှယ်ရေးအပါအဝင် အချက်ခြောက်ချက် ကို စစ်ကောင်စီဘက်က တောင်းဆိုခဲ့ပြီး ယာယီအပစ်ရပ်ခဲ့ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။
“တစ်ခုက မင်းတို့အပြစ် မင်းတို့ခံကွာဆိုပြီး ပစ်ထားတာမျိုး ရှိနိုင်သလို၊ MNDAA နဲ့ဆွေးနွေးပွဲမှာ ပြန်တောင်းဆိုတာတွေလည်း တွေ့ရပါတယ်။ ကိုယ့်ရဲဘော်တွေကို ပစ်မထားဘူး၊ တန်ဖိုးထားတယ် ဆိုရင် တစ်ချိန် သုံ့ပန်းလဲလှယ်ရေးတွေ ရှိနိုင်ပါတယ်” ဟု မြန်မာအရေး လေ့လာသုံးသပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက စစ်သုံ့ပန်းလဲလှယ်ရေးကို ထည့်သွင်းဆွေးနွေးသည်ဟုဆိုသော်လည်း ၎င်းတို့အထိနာ စစ်ရှုံးစေသော ရခိုင်ပြည်နယ် တိုက်ပွဲများအတွင်း အာရက္ခတပ်တော် (AA)က ဖမ်းဆီးထားသည့် စစ်သုံ့ပန်းများ၊ မိသားစုဝင်များ ယာယီထိန်းသိမ်းထားရာ နေရာကို ယခုရက်ပိုင်းအတွင်း ဗုံးကြဲ တိုက်ခိုက်သဖြင့် ထိခိုက်သေဆုံးမှု များပြားခဲ့သည်။
ယင်းဖြစ်စဉ်သည် ပြီးခဲ့သော ဇန်နဝါရီ ၁၈ ရက်က မြောက်ဦးမြို့နယ်တွင် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ရမ်းချောင်းအနီးတစ်ဝိုက်ရှိ ၎င်းတို့စစ်သုံ့ပန်း မိသားစုဝင်များ ထားရှိနေရာကို ဂျက်ဖိုက်တာဖြင့် သုံးကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၂၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းမှာ ၎င်းတို့၏ စစ်ရာဇဝတ်မှုများကို မြေပြင် တွင် လုပ်ကိုင်ခဲ့သူများဖြစ်သောကြောင့် ထိုသူများအား ကြိုတင်နှုတ်ပိတ်ခြင်းဟု ယူဆမိကြောင်း တပ်မတော်သား CDM ဗိုလ်ကြီးဗစ်တာက ပြောကြားသည်။
“အထူးသဖြင့် AA က ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းတွေဟာဆိုရင် စကစ(စစ်ကောင်စီ)အပြင် ARSA၊ RSO တို့လို အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းမှုတွေမှာ ထဲထဲဝင်ဝင် လုပ်ကိုင်ခဲ့ရသူတွေ ဖြစ်တယ်။ ဒီသုံ့ပန်းတွေဟာ တစ်ချိန်မှာ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) လိုမျိုး နိုင်ငံတကာခုံရုံးတွေမှာ ဖြောင့်ချက်တွေ ထွက်လာမယ်ဆိုရင် စကစအပေါ်မှာ ကြီးမားတဲ့ ထိုးနှက်မှုတွေ ဖြစ်လာနိုင်တယ်” ဟု CDM ဗိုလ်ကြီးဗစ်တာက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၄ ၊ စက်တင်ဘာအတွင်းကလည်း ရခိုင်ပြည်နယ်၊ ပေါက်တောနှင့် မောင်တောမြို့နယ်တို့ရှိ ၎င်းတို့၏ စစ်သုံ့ပန်းများ ထားရှိရာနေရာ အကျဉ်းစခန်းများ ကိုလည်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် စစ်သုံ့ပန်းများစွာ သေဆုံးခဲ့ကြောင်း AA ၏ ထုတ်ပြန်ချက်များအရ သိရသည်။
စစ်ကောင်စီအနေဖြင့် လက်ရှိတွင် စစ်ရှုံးနေသော်လည်း စစ်သုံ့ပန်းဖြစ်နေသည့် ၎င်းတို့တပ်ဖွဲ့ဝင်များကို အပြတ်ရှင်းလင်းမည်ဆိုပါက ယုံကြည်မှုနှင့် စည်းရုံးရေး ကျဆင်းမှု ပိုဆိုးရင်ဆိုင်ရနိုင်ကြောင်း CDM ဗိုလ်ကြီးဘုဏ်းသိုက်က သုံးသပ်သည်။
“စစ်သုံ့ပန်း ပေါ်လစီနဲ့ ပတ်သက်ပြီးတော့ အခုလတ်တလော တရုတ်အစိုးရ စီစဉ်ပေးတဲ့ MNDAA နဲ့ စကစတို့ရဲ့ ကူမင်းဆွေးနွေးပွဲမှာ ကနဦးသဘောတူညီချက် ရထားတာက စကစရဲ့ စစ်သုံ့ပန်းတွေ ပြန်လွှတ်ပေးမယ်ဆိုတဲ့ အချက်ပါ“ ဟု CDM ဗိုလ်ကြီးဘုဏ်းသိုက်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် စစ်ကောင်စီက ဒေသတချို့မှ ပြန်လည်လွတ်မြောက်လာပြီး သက်ဆိုင်ရာ တပ်စခန်းများဆီ ရောက်ရှိလာသော စစ်သုံ့ပန်းများကို တပ်အင်အား ပြုန်းတီးနေသဖြင့် ယခင်ကဲ့သို့ အရေးယူမှုများ မပြုလုပ်တော့ဘဲ စစ်ဆင်ရေး ပြန်ဝင်ခိုင်းကာ ရှေ့တန်းပို့ခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။
“ကြားရသလောက် PoW (သုံ့ပန်း) တွေကို ထိန်းသိမ်း ကျွေးထားရတာ EAOs တွေဖက်မှာလည်း ဝန်ထုပ်ဝန်ပိုးတွေ ရှိနေပါတယ်။ ဥပမာ-ဒုက္ခသည်တွေ/ရဲဘော်တွေက တနေ့ထမင်း ၂ နပ်ပဲ စားနိုင်တယ်။ သူတို့ကို ၃ နပ်ကျွေးရတယ် ဆိုတာမျိုးလည်း ကြားနေရပါတယ်” ဟု မြန်မာအရေး လေ့လာသုံး သပ်သူတစ်ဦးက ထောက်ပြသည်။
ဓာတ်ပုံ – AA Info Desk
ပုံစာ- မြောက်ဦးမြိုနယ်၊ ရမ်းချောင်းအနီးတဝိုက်ရှိ စစ်သုံ့ပန်းမိသားစုဝင်များထားရှိသည့်နေရာကို ဇန်နဝါရီ ၁၈ နေ့တွင် စစ်ကောင်စီက ဗုံးကြဲ၍ သေဆုံးခဲ့သည့် စစ်သုံ့ပန်းနှင့်မိသားစုဝင်များ
#စစ်ကောင်စီ #စစ်သုံ့ပန်းများ #လေကြောင်းမှဗုံးကြဲတိုက်ခိုက် #စစ်သုံ့ပန်းလဲလှယ်ရေး #ဆွေးနွေး #Ayeyarwaddy_Times