ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၂ ရက်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် သိန်းငှက်ဟု အမည်ပေးထားသည့် လူမိုက်ပျူစောထီး အဖွဲ့သည် ရပ်ကွက်အတွင်းရှိ လူငယ်များကို ဖမ်းဆီး ငွေညှစ်မှုများ ပြုလုပ်လျက်ရှိကြောင်း ‌ရပ်ကွက်‌နေ ပြည်သူများထံက သိရသည်။

သိန်းငှက်အဖွဲ့သည် ယခုဇန်နဝါရီလအစမှစ၍ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်အတွင်းရှိ (၂၆) ရပ်ကွက်၊ (၂၅) ရပ်ကွက်၊ (၂၄) ရပ်ကွက်၊ (၁၈) ရပ်ကွက် စသည်တို့တွင် ဆိုင်ကယ်များဖြင့်လှည့်လည်နေပြီး ရပ်ကွက်အတွင်းရှိ လူငယ်များကို ဖမ်းဆီးရိုက်နှက်ကာ ငွေညှစ်မှုများပြုလုပ်နေကြောင်း သိရသည်။

“မနေ့က လမ်းထဲမှာ အလှူရှိလို့ ဝိုင်းလုပ်နေတဲ့ ကလေးတွေကို သိန်းငှက်အဖွဲ့က ဆိုင်ကယ်တွေနဲ့ ရောက်လာပြီး အတင်းဝင်ဖမ်းတယ်။ အဲဒါ ကလေးတွေကို ရှောင်ခိုင်းရတယ်။ ဓားလည်းလွယ်ထားပြီး မူးရူးနေကြတာ။ အလှူလုပ်အားပေးလာတဲ့ ကလေးတွေပါဆိုပြီး အတင်းတောင်းပန်ရတယ်” ဟု တောင်ဒဂုံမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ သိန်းငှက်အဖွဲ့သည် ရပ်ကွက်အတွင်းရှိ မူးယစ်ဆေးစွဲနေသည့်လူငယ်များ၊ ရာဇဝတ်မှုကျူးလွန် ခဲ့ဖူးသည့် လူငယ်များနှင့် ထောင်ထွက်များ စုပေါင်းထားသည့် အဖွဲ့အစည်းဖြစ်ကာ စစ်တပ်နှင့်လည်း အပေးအယူရှိနေသည့် အခြေအနေရှိကြောင်း ရပ်ကွက်နေဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

“သူတို့အဖွဲ့က လူမိုက်တွေအပြင် စစ်တပ်နဲ့ပါအပေး အယူရှိ‌နေတော့ လူငယ်တွေကို အတင်း ဝင်ဆွဲတယ်။ ပြီးရင် စစ်တပ် တပ်စွဲထားတဲ့နေရာကို သွားပို့လိုက်တယ်။ အိမ်က ငွေလိုက်နိုင်တဲ့ လူတွေဆိုရင် အဲဒီသိန်း ငှက်အဖွဲ့ဆီမှာ ငွေပေးပြီးသွားထုတ်ရတယ်”ဟု အဆို ပါအမျိုးသမီးက ပြောသည်။

ယမန်နေ့ ဇန်နဝါရီ ၂၁ ရက်ကလည်း ဒဂုံတောင်ပိုင်းမြို့နယ်တွင် ကွမ်းယာရောင်းနေသည့် အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦး ကို သိန်းငှက်အဖွဲ့က ဆိုင်ပေါ်မှဆွဲချကာ ဖမ်းဆီးရိုက်နှက်သဖြင့် မိခင်ဖြစ်သူမှ ငွေကျပ်ငါးသောင်းပေး၍ မရိုက်နှက်ရန် တောင်းပန်ခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီက ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီက ထုတ်ပြန်ခဲ့သည့် စစ်မှုထမ်းဥပဒေထွက်လာပြီးနောက် နိုင်ငံအတွင်းရှိ လူငယ်၊ လူရွယ်အများစုမှာ စစ်ကောင်စီတပ်ဖွဲ့များ၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များ၊ လူမိုက်များ၏ အကြောင်းမျိုးစုံပြ၍ ဖမ်းဆီးခေါ်ဆောင် ငွေညှစ်ခြင်းကို ခံနေရကြောင်း သိရသည်။

ဓာတ်ပုံ-အင်တာနက်(ပုံဟောင်း)

#ရန်ကုန် #ဒဂုံမြို့သစ်တောင်ပိုင်း #သိန်းငှက်အဖွဲ့ #လူမိုက် #ပျူစောထီး #စစ်မှုထမ်း #လူငယ် #ဖမ်းဆီးငွေညှစ် #Ayeyarwaddy_Times