ဧရာဝတီတိုင်းမ်
(ညောင်လေးပင်)၊ ဇန်နဝါရီ ၂၂ ရက်

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် ကွင်းဒလကြီးကျေးရွာနှင့် မှော်ဖျားကျေးရွာသို့ စစ်ကောင်စီတပ်ဖွဲ့ ဝင်များက ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက် ညနေ ၃ နာရီဝန်းကျင်တွင် ဒရုန်းများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် သံဃာတော်တစ်ပါး ပျံလွန်တော်မူခဲ့ရကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ်၊ ရေကြည်ချောင်းကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပထမဦးစွာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ဒရုန်းဖြင့် ကွင်းဒရကြီးကျေးရွာ တောရကျောင်းသစ်ကို ဗုံးသီးချတိုက်ခိုက်ခဲ့ရာ ကျောင်းရှိ ဦးဇင်းပန္နဝ(၅၀) နှစ်သည် ဗုံးစထိမှန်၍ ပျံလွန်တော်မူခဲ့ရပြီး ဦးဇင်းတေဇ ၄၉ နှစ် သည်လည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“သူတို့ဘက်ကနေ လက်နက်ကြီးတွေပစ်တယ်။ ဒရုန်းတွေပစ်တယ် လိုက်ပြီးတော့ရမ်းပစ်တဲ့ အနေအထားပါ။ လက်ရှိတော့ ပိန်းဇလုပ် ၂၆၄ ကပစ်တဲ့တစ်လုံးကြောင့် ရဟန်းတွေပျံလွန်တော်မူတာ။ ရွာတွေထဲမှာလည်း လက်နက်ကိုင်အဖွဲ့အစည်းတွေမရှိဘူး။ သူတို့က ကျချင်တဲ့နေရာကျဆိုပြီး လိုက်ရမ်းပစ်တဲ့ အနေအထားဖြစ်‌နေတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဒရုန်းဖြင့် ပစ်ခတ်မှုပြုလုပ်ရာတွင် မှော်ဖျားကျေးရွာသို့လည်း ကျရောက်ပေါက်ကွဲခဲ့ပြီး မှော်ဖျား ကျေးရွာမှ ကိုမင်းထိုက်ဆိုသူ၏ နေအိမ်ရှေ့သို့ကျရောက်ပေါက်ကွဲခဲ့ရာ ကိုမင်းထိုက်၏ လက်မောင်းတွင် ဗုံစထိမှန် ဒဏ်ရာရခဲ့ကြောင်းလည်း သိရသည်။

ထို့ပြင် ဖြူးမြို့နယ်အတွင်းတွင်လည်း ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ ရက်နေ့ကလည်း အုတ်ဖြတ်ရဲစခန်းမှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီး ထိမှန်ပြီး အုတ်ဖိုကုန်းကျေးရွာမှ ဇနီးမောင်နှံ နှစ် ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီက အာဏာသိမ်းပြီးနောက် လေး နှစ် နီးပါးကာလအတွင်း စစ်ကောင်စီ နှင့် ၎င်းတို့လက်ပါးစေများကြောင့် သေဆုံးခဲ့ရသည့် အရပ်သားအရေအတွက်မှာ ၆,၁၉၉ ဦးရှိပြီဖြစ်ကြောင်း ဇန်နဝါရီ ၂၁ ရက်နေ့ကထုတ်ပြန်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) အစီရင်ခံစာအရသိရသည်။

ဓာတ်ပုံ – ကရင်အမျိုးသားအစည်းအရုံး

#ညောင်လေးပင် #စစ်ကောင်စီ #လက်နက်ကြီးပစ်ခတ် #ဒရုန်း #သံဃာတော်ထိမှန် #ပျံလွန်တော်မူ #Ayeyarwaddy_Times