ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၂ ရက်

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပါတ်မြို့ကို စစ်ကောင်စီတပ်က သုံးရက်ဆက်တိုက် လေကြောင်း ဗုံးကြဲတိုက်ခိုက်သည့်အတွက် နေအိမ်အများပြားပျက်စီးပြီး ဒေသခံပြည်သူများ တိမ်းရှောင်နေရကြောင်း ဒေသခံများထံက သိရှိရသည်။

တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ခမ်းပတ်မြို့ကို ဇန်နဝါရီလ ၂၀ ရက်နေ့မှစ၍ ယနေ့ ၂၂ ရက်နေ့ထိ သုံးရက်ဆက်တိုက် လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးသီးအပါအဝင် Cluster Bomb ဟု ယူဆရသည့် ဗုံးသီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ဒီနေ့ မနက် ၁၀ နာရီလောက်မှာ ဗုံးထပ်ကြဲတယ်။ ခမ်းပတ်မြို့ အမှတ် ၄ ရပ်ကွက်ဘက် လေးလုံးကျတယ်လို့ ကြားရတယ်။ သွားမကြည့်ရဲသေးလို့ ထိခိုက်မှုရှိ၊ မရှိတော့ မသိရဘူး။ မနေ့ကလည်း ကြဲတယ်။ အရင်ရက်တွေကလည်းကြဲတယ်” ဟု ခမ်းပတ်မြို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့တွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်သည့်အတွက် အရပ်သား ဆိုင်ကယ် လေးစီး နှင့် အရပ်သားနေအိမ် သုံးလုံးထက်မနည်း ထိခိုက်ပျက်စီးသွားကြောင်း သိရှိရသည်။

ထို့အပြင် စစ်ကောင်စီတပ်၏ နေ့စဥ်ရက်ဆက် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် ခမ်းပါတ်ဒေသခံပြည်သူများသည် မြို့ထဲတွင် မနေရဲတော့ဘဲ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

“နေ့တိုင်း ဗုံးကြဲခံနေရတော့ မြို့ထဲမနေရဲတော့ဘူး။ မြို့ထဲနေတော့လည်း နေ့ဘက်ရော၊ ညဘက်ရော ပုန်းခိုကျင်းထဲပဲ ပုန်းနေရတယ်။ မထူးဘူးလေ ဒါကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်” ဟု ခမ်းပါတ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင်လည်း ခမ်းပါတ်မြို့အနီးပတ်ဝန်းကျင် နှင့် ကျေးရွာများတွင် စစ်ကောင်စီတပ်၏ တိုက်လေယာဥ်များ ပျံဝဲလျက်ရှိသည့်အတွက် နောက်ထပ်လေကြောင်း ဗုံးကြဲတိုက်ခိုက်မည်ကို ဒေသခံပြည်သူများက စိုးရိမ်နေကြသည်ဟု ဆိုသည်။

ခမ်းပါတ်မြို့သည် ကလေး – တမူးကားလမ်းမပေါ်တွင် တည်ရှိပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က သိမ်းပိုက်ထားသည်။

#ခမ်းပါတ်မြို့ #စစ်ကောင်စီ #၃ရက်ဆက်တိုက် #လေကြောင်းဗုံးကြဲတိုက်ခိုက် #Ayeyarwaddy_Times