ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၂ ရက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များတွင် စစ်ကောင်စီက နေ့အချိန်များတွင်ပါ စစ်မှု ထမ်းရန်အတွက် လူငယ်များကို အတင်းအဓမ္မဖမ်း ဆီး ခေါ်ဆောင်မှုများရှိကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်၊ အမှတ် (၂) ရပ်ကွက်ရှိ ဘိလိယက်ခုံတွင် ဘိလိယက်ထိုးနေသည့် လူငယ် ခုနစ် ဦးကို ယမန်နေ့ ဇန်နဝါရီ ၂၁ ရက်နေ့ နေ့လယ် ၁ နာရီခန့်တွင် စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့ထံက သိရသည်။

စစ်ကောင်စီသည် ကန့်ဘလူမြို့ပေါ်တွင် စစ်မှုထမ်းဥပဒေဖြင့် မဲနှိုက်ပြီး တပ်သားသစ်စုဆောင်းမှုများ ပြုလုပ်နေသည့်အပြင် လက်ဖက်ရည်ဆိုင်နှင့် လမ်းမပေါ်ရှိ သွားလာနေသူ လူငယ်များကိုပါ ဖမ်းဆီး ခေါ်ဆောင်မှုများရှိနေကြောင်း သိရသည်။

ထိုသို့ စစ်မှုထမ်းဥပဒေဖြင့် ဖမ်းဆီးခေါ်ဆောင်မှုများရှိသလို ဦးဝါသဝဦးဆောင်သည့် ပျူစောထီးတပ် အတွက်လည်း လူသစ်စုဆောင်မှုများရှိနေကြောင်း ဒေသခံများထံက သိရသည်။

“အမှတ် (၁) ရပ်ကွက်မှာ မဲနှိုက်ပြီးလူစုတယ်။ ညဘက်ကျတော့ ဧည့်စာရင်းစစ်မယ်ဆိုပြီး ပေါ်တာဝင်ဆွဲတယ်။ တချို့ရပ်ကွက်တွေဆို ရပ်ကွက်လုံးကျွတ် ထွက်ပြေးနေရတာတွေရှိပါတယ်” ဟု ကန့်ဘလူဒေသခံတစ်ဦး က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ယခု ဇန်နဝါရီလအတွင်းက ကန်ဇွန်းအင်းရွာနှင့် ကန်သာလှရွာမှ လူငယ် ၃၀ ကျော်ကို ဖမ်း ဆီးခေါ်ဆောင်သွားပြီး ကန့်ဘလူတင့်ကားတပ်ရင်း ၆၀၀၆ မှတစ်ဆင့် Mi-17ရဟတ်ယာဉ်ဖြင့် ရှေ့တန်း စစ်မျက်နှာပြင်များသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသည့် လူငယ်များကို စစ်ကောင်စီက စစ်မှုထမ်းသင်တန်းများသို့ ပို့ဆောင်မှု များရှိသလို ရှေ့တန်းသို့တိုက်ရိုက်ပို့ဆောင်မှုများလည်းရှိကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း ပျူစောထီးများနှင့် တော်လှန်ရေးတပ်ဖွဲ့များ ဖြစ်ပွားသည့်တိုက်ပွဲများတွင် ပျူစောထီးများ ထိခိုက်သေဆုံးမှုများပြားပြီး အင်အားလိုအပ်ချက်ရှိနေသဖြင့် လူငယ်များကို ဖမ်းဆီးခေါ်ဆောင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ- အင်တာနက် (ပုံဟောင်း)

#စစ်ကိုင်း #ကန့်ဘလူ #လူငယ် #အဓမ္မဖမ်းဆီး #ပေါ်တာဆွဲ #Ayeyarwaddy_Times