
ဧရာဝတီတိုင်းမ်
(မွန်)၊ ဇန်နဝါရီ ၂၁ ရက်
မွန်ပြည်နယ်အတွင်းရှိ မွန်တော်လှန်ရေးတပ်ဖွဲ့ လေးဖွဲ့ မှ တပ်ပေါင်းစုအသွင်ဖြင့် မွန်တပ်တော်ဖွဲ့စည်း ရေးကို သဘောတူပြီးနောက် “ရာမညပူးတွဲစစ်ကြောင်း” အနေဖြင့် လှုပ်ရှားသွားမည် ဖြစ်ကြောင်း ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်နေ့က သဘောတူညီချက် ရရှိခဲ့ကြောင်းသိရသည်။
ရာမညပူးတွဲစစ်ကြောင်းအနေဖြင့် ပူးတွဲစစ်ဆင်ရေးများကို မွန်ပြည်နယ် တစ်ခွင်လုံးတွင် စစ်ရေးအခြေအနေ အရပ်ရပ်ကိုလိုက်၍ စစ်ဆင်ရေးများကို ပြုလုပ်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာ မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့များနှင့်လည်း ပူ ပေါင်းကာ စစ်ရေးလှုပ်ရှားမှုများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
“အဖွဲ့အစည်း လေးဖွဲ့ နဲ့ ပူးပေါင်းထားတဲ့ ရာမည ပူးတွဲစစ်ကြောင်းကို ဖွဲ့စည်းပြီးသွားပါပြီ။ ဗျူဟာမှူးနဲ့ စစ်ကြောင်းက ရန်သူအခြေအနေ၊ မိမိတပ်ရဲ့ အခြေအနေကိုသုံးသပ်ပြီးတော့ မွန်ပြည်နယ် တခွင်လုံးမှာ စစ်ရေးလုပ်ဖို့ အသိသာဆုံးနေရာတွေကို ရွေးပြီးတော့ လှုပ်ရှားမှုတွေ ပြုလုပ်သွားဖို့ ဆွေးနွေးထားတာ ရှိပါတယ်” ဟု MSDF တပ်ဖွဲ့၏ တပ်မှူး ဒေါက်တာသီရိမွန်ချမ်း က ဧရာဝတီတိုင်းမ်ကို ပြောသည်။
“ရာမညပူးတွဲစစ်ကြောင်း” တွင် ပါဝင်သည့် မွန်တပ်ဖွဲ့လေးဖွဲ့မှာ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)၊ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(MNLA-AD)၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF)၊ မွန်ပြည်တော်လှန်ရေး တပ်(MSRF) တို့ဖြစ်ကြောင်း သိရသည်။
ရာမညပူးတွဲ စစ်ကြောင်းအနေဖြင့် စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်ရာတွင် စစ်ကြောင်းသီးသန့် စစ်ရေးလှုပ်ရှားမှုများအပြင် မဟာမိတ်အဖွဲ့ အစည်းများဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ MOD လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ဖွဲ့များနှင့်လည်း လိုအပ်သလို ပူးတွဲလှုပ်ရှားမှုများ ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။
“ဒီလိုဖွဲ့စည်းတဲ့နေရာမှာ အခက်အခဲ အကြပ်အတည်းအကြီးအမားနဲ့ မကြုံတွေ့ရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလက်နက်ကိုင်တပ်ဖွဲ့ရဲ့ အနန္တိမပန်းတိုင်ကတော့ တပ်တော် တခုဖြစ်ဖို့ကို အားလုံးရည်မှန်းထားတဲ့အတွက်ကြောင့် ရည်မှန်းချက်ပန်းတိုင်တို့ စစ်ရေးဆိုင်ရာ ပန်းတိုင်တို့ အားလုံး ကလည်း တူညီကြတဲ့အတွက်ကြောင့် ဆွေးနွေးညှိုနှိုင်းတဲ့နေရာမှာလည်း အခက်အခဲအနေနဲ့ မတွေ့ခဲ့ရပါဘူး ခင်ဗျ” ဟု ဒေါက်တာ သီရိမွန်ချမ်းက ဆက်လက် ပြောကြားခဲ့သည်။
မွန်ဒေသရှိ မွန်တော်လှန်ရေးတပ်ဖွဲ့များမှ စုစုစည်းစည်းဖြင့် စစ်အာဏာရှင်ကို တော်လှန်ရန်ရည်ရွယ်ကာ ယခုကဲ့သို့ တပ်ပေါင်းစု စစ်ကြောင်းဖွဲ့စည်းရခြင်းဖြစ်ပြီး တစ်နှစ်ဝန်းကျင်အချိန်ယူ ဆွေးနွေးပြီးနောက် မွန်တပ်ဖွဲ့ လေး ခုပေါင်းစည်းရန် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၈ ရက်နေ့က သဘောတူညီခဲ့ကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ဓာတ်ပုံ – အင်တာနက်
#မွန်တော်လှန်ရေးတပ်ဖွဲ့ #ရာမညပူးတွဲစစ်ကြောင်း #တပ်ပေါင်းစု #Ayeyarwaddy_Times