
ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ ဇန်နဝါရီ ၂၁ ရက်
ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF) အမျိုးသမီးရဲဘော် ၂၈ ဦးသည် CNDF ရဲဘော်များနှင့်အတူ ရှေ့တန်းတွင် ပါဝင်တိုက်ခိုက်နေကြောင်းသိရသည်။
ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF)သည် ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖလမ်းမြို့သိမ်း တိုက်ပွဲကို ဖော်ဆောင်လျက်ရှိရာ CNDF အမျိုးသမီးရဲဘော်များသည် ၎င်းတို့ကျွမ်းကျင်ရာကဏ္ဍ အသီးသီးအလိုက် ရှေ့တန်းတွင် တာဝန်ထမ်းဆောင်နေခြင်းဖြစ်ကြောင်းသိရသည်။
CNDF အမျိုးသမီးရဲဘော်များသည် ရှေ့တန်းတွင် စနိုက်ပါ ၊ ဒရုန်း၊ ဆေးတပ်သား( Medic team)၊ ဆက်သွယ်ရေးနှင့် လေကြောင်းရန် အသိပေးသည့် နေရာတို့တွင် ကျား၊ မ တန်းတူတာဝန် ထမ်းဆောင်နေကြောင်း ဒေသသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
ရှေ့တန်းရောက် CNDF အမျိုးသမီးရဲဘော်များ တာဝန်ထမ်းဆောင်မှုနှင့် ပတ်သက်၍ CNDF တာဝန်ခံကို ဧရာဝတီတိုင်းမ်က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်လို့ မရခဲ့ပေ။
ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့မှ စတင်၍ ဖလမ်းမြို့သိမ်း တိုက်ပွဲစတင်ဖော်ဆောင်ခဲ့ပြီး မြို့ကို ထိန်းချုပ်ကာ ခလရ ၂၆၈ တပ်ရင်းကို ဆက်လက်တိုက်ခိုက်လျက်ရှိကြောင်းသိရသည်။
ပုံစာ-CNDF အမျိုးသမီးရဲဘော်များ(ပုံဟောင်း)
#ဖလမ်းမြို့သိမ်းတိုက်ပွဲ #CNDF #ရဲမေ၂၈ဦး #ရှေ့တန်း #တိုက်ပွဲဝင်နေ #အမျိုးသမီးကဏ္ဍ #Ayeyarwaddy_Times
(မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် လက်ရှိအမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုနှင့် ကျော်ဖြတ်ခဲ့ရသည့် အခြေအနေများအပြင် အမျိုးသမီးများဦးဆောင်၍ လုပ်ဆောင် နေသည့် အကြောင်းအရာများကို “အမျိုးသမီးကဏ္ဍ” အနေဖြင့် အပတ်စဉ် အင်္ဂါနေတိုင်း တင်ဆက် ပေးနိုင်ရန် ကြိုးစားသွားမည်ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အသိပေးအပ်ပါသည်။)