
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၁ ရက်
အာဏာသိမ်း စစ်ကောင်စီ၏ အရပ်သားများအပေါ် ပစ်မှတ်ထားကာ တိုက်ခိုက်မှုများကြောင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် တစ်နှစ်တာကာလအတွင်း အမျိုသမီး ၄၇၈ ဦး သေဆုံးခဲ့ရပြီး ၄၁၂ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် အမျိုးသမီးသေဆုံးမှုမှာ ယခင်နှစ်များထက် ပိုမိုမြင့်တက်လာပြီး အများစုမှာ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် အမျိုးသမီးသေဆုံးမှု ပိုမိုများပြားလာရခြင်းဖြစ် ကြောင်း သိရသည်။
အရပ်သားများ အပေါ် စစ်တပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကြောင့် အမျိုးသမီး ၂၅၇ ဦး၊ လက်နက်ကြီး ထိမှန်ခြင်းကြောင့် ၁၄၂ ဦး၊ မတရားသတ်ဖြတ်ခံရခြင်းကြောင့် ၆၆ ဦး၊ မြေမြှုပ်မိုင်းကြောင့် ခုနစ် ဦး နှင့်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုကြောင့် ခြောက် ဦး တို့ သေဆုံးခဲ့ရပြီး ကိုးကန့်တပ်မတော် (MNDAA) အဖွဲ့၏ သေဒဏ်ပေးခြင်းကြောင့် သေဆုံးသူ တစ်ဦး ရှိကြောင်းလည်း သိရသည်။
“လေကြောင်းတိုက်ခိုက်တာမှာ အခုနောက်ပိုင်းတွေ့ရှိရတာတွေက အရပ်သားပြည်သူတွေကို ဦးတည် ပြီးတော့မှ လေကြောင်းတိုက်ခိုက်တာ တွေကို အများဆုံး တွေ့ရတယ်။ ဒီလို အကြမ်းဖက်မှုတွေက ဘယ်လိုမှ မဖြစ်သင့်ဘူးပေါ့။ အရပ်သားပြည်သူတွေကို အရမ်းထိခိုက်နစ်နာ ဆုံးရှုံးမှုတွေ အများ ကြီးဖြစ်တယ်။ ဒီလို ထိခိုက်နစ်နာ ဆုံးရှုံးသွားတဲ့ သူတွေအပေါ် ကျူးလွန်သူတွေက တစ်ချိန်ချိန်မှာ ထိရောက်တဲ့ အပြစ်ပေးအရေးယူမှုတွေကိုခံရမှာ ဖြစ်တယ်” ဟု Burmese Women Union အဖွဲ့မှ တွဲဖက် အထွေထွေ အတွင်းရေးမှူး-၂ မယဉ်မျိုးလှိုင် က ဧရာဝတီတိုင်းမ်ကို ပြောဆိုထားသည်။
သေဆုံးသူ အမျိုးသမီးအများစုမှာ စစ်ကောင်စီက အဓိကပစ်မှတ်ထား အကြမ်းဖက်မှုများ ပြုလုပ်နေသည့် စစ်ကိုင်းတိုင်းမှ အများဆုံးဖြစ်ပြီး ဒုတိယ နှင့် တတိယ အနေဖြင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် ရှမ်းပြည်နယ် နှင့် ရခိုင်ပြည်နယ် တို့မှ ဖြစ်ကြောင်း သိရသည်။
ထို့ပြင် စစ်ကောင်စီ၏ အကျဉ်းထောင်တွင်း နှိပ်စက်ခံရမှုတို့ကြောင့် ထိခိုက်ဒဏ်ရာရသူ အမျိုးသမီး များလည်းရှိခဲ့ပြီး ထပ်မံ၍ လေကြောင်းတိုက်ခိုက်မှုကြောင့်ပင် ဒဏ်ရာရသူ ၂၀၀ ဝန်းကျင်ရှိခဲ့ပြီး ထိခိုက်မှု အများဆုံးဖြစ်ကြောင်း သိရသည်။
“ကျွန်မတို့အနေနဲ့ဆိုရင် ဘယ်လို အကြမ်းဖက်မှုမျိုးမှ လက်မခံဘူးဆိုတဲ့ဟာမျိုး ရှိတယ် ပေါ့နော်။ လေကြောင်းတိုက်ခိုက်မှုတွေက ဆိုလို့ရှိရင် ရာဇ၀တ်မှုမြောက်တယ်။ ဒီလိုအပြစ်မဲ့တဲ့ လူတွေကို ဦးတည်ပြီးလုပ်နေတဲ့ အရာတွေကမလုပ်သင့်ဘူးပေါ့နော်။ ဒါတွေကို အမြန်ဆုံးရပ်ပေးဖို့ ဆိုတာမျိုး ပြောချင်တယ်” ဟု တွဲဖက် အထွေထွေ အတွင်းရေးမှူး-၂ မယဉ်မျိုးလှိုင် က ဆက်လက်ပြောသည်။
BWU အနေဖြင့် စစ်ကောင်စီ၏ ယခုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များအပေါ် နစ်နာသူများက တရားမျှတမှုရရှိစေရေးအတွက် ကျူးလွန်သူများကို အပြစ်ပေးအရေးယူနိုင်ရန်၊ ကျူးလွန်သူများ အနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရေးအတွက် ရည်ရွယ်ကာ ရရှိသမျှ ကိန်းဂဏန်း အချက်အလက်များကို စုဆောင်းကောက်ခံ၍ ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#BWU #မြန်မာ့အမျိုးသမီးသမဂ္ဂ #အမျိုးသမီးသေဆုံး #၂၀၂၄ #စစ်ကောင်စီ #အကြမ်းဖက်ခံရ #Ayeyarwaddy_Times
(မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် လက်ရှိအမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုနှင့် ကျော်ဖြတ်ခဲ့ရသည့် အခြေအနေများအပြင် အမျိုးသမီးများဦးဆောင်၍ လုပ်ဆောင် နေသည့် အကြောင်းအရာများကို “အမျိုးသမီးကဏ္ဍ” အနေဖြင့် အပတ်စဉ် အင်္ဂါနေတိုင်း တင်ဆက် ပေးနိုင်ရန် ကြိုးစားသွားမည်ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အသိပေးအပ်ပါသည်။)