ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၁ ရက်

ထိုင်းနိုင်ငံတွင် အထောက်အထားမဲ့သည့်အတွက် ဖမ်းဆီးခံရပြီး ထိုင်း-မြန်မာနယ်စပ်သို့ ပြန်ပို့ခံရစဉ် နယ်စပ်၌ပင် စစ်ကောင်စီ၏ စစ်မှုထမ်းရန် တပ်သားသစ်အဖြစ် စုဆောင်းခံရသူ သုံး ဦး မှာ ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်နေ့က အမှတ်(၂၇) စစ်ဗျူဟာ၊ အမှတ်(၂) စစ်ဒေသခွဲထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ တပ်သားသစ်အဖြစ် စုဆောင်းခံရသည့် တပ်သား မာန်ခိုင်အောင်၊ မောင်ဆန်းတင်၊ အောင်ကျော်လတ် တို့ သုံး ဦးမှာ ဘုတ်ပြင်းအခြေစိုက် ခမရ-၅၅၅ တပ်ရင်းလက်‌အောက်တွင် တာဝန်ကျပြီးနောက် ကျိုက်ထိုမြို့နယ်အတွင်းရှိ သဲဖြူချောင်းတံတား စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် တာဝန်ကျစဉ် လက်နက်နှင့်တကွ အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပတ်စပို့မရှိလို့ ဖမ်းခံရတယ်။ ရနောင်းမှာ ထောင်ငါး လကျပြီး ကော့သောင်းကို ထိုင်းအစိုးရက ပို့တယ်။ ခလရ-၂၆၂ တပ်ရင်းက ဗိုလ်မှူးက လာပြီးခေါ်တယ်။ ဗိုလ်မှူးက ခေါ်ပြီးတော့ စစ်မှုထမ်းရမယ်ဆိုပြီး စစ်ထဲခေါ်ထည့်လိုက်တယ်။ အဲ့တာနဲ့ စစ်သင်တန်း တက်လိုက်ရတယ်” ဟု တပ်သား မာန်ခိုင်အောင်၏ ပြောကြားချက်အရ သိရသည်။

နယ်စပ်ဒေသတွင်ပင် တပ်သားသစ် စုဆောင်းခံရပြီးနောက် အမှတ်(၁၂) တပ်မတော် တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းတွင် စစ်သင်တန်း သုံးလ တက်ရောက်ပြီးနောက် ခမရ-၅၅၅ တပ်ရင်းတွင် တာဝန်ကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီသည် ၎င်းတို့၏ တပ်သားသစ်များ တော်လှန်ရေးတပ်ဖွဲ့များထံ လက်နက်ချ ဝင်ရောက်ပါက တော်လှန် ရေးတပ်ဖွဲ့များ၏ နှိပ်စက်‌ သတ်ဖြတ်ခြင်းခံရမည်ဆိုသည့် ဝါဒဖြန့်မှုများကို ပြုလုပ်ထားကြောင်း သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုအေးမင်းထွန်းက ဧရာဝတီတိုင်းကို ပြောကြားသည်။

အမှတ်(၂) စစ်ဒေသခွဲ၊ အမှတ်(၂၇) စစ်ဗျူဟာသို့ ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်နေ့ကလည်း ဖာပွန်-ဘီးလင်း လမ်းမပေါ်ရှိ လှဂွန်းပျို စစ်ကောင်စီစခန်းမှ ခေါင်းဆောင် ဗိုလ်မှူးအပါအဝင် တပ်ဖွဲ့ဝင် ၁၆ ဦးမှာ လက်နက်ခဲယမ်းများနှင့်တကွ အလင်းဝင်ရောက်ခဲ့သည်။

ဓာတ်ပုံ – ပေးပို့
ပုံစာ- စစ်ကောင်စီ တပ်သားသစ်အဖြစ် စုဆောင်းခံရသူ သုံး ဦး အလင်းဝင်ရောက်ပြီးနောက် တွေ့ရစဉ်

#ကျိုက်ထို #တပ်သားသစ် #အလင်းဝင်ရောက် #အမှတ်၂၇စစ်ဗျူဟာ #လက်နက်ချ #Ayeyarwaddy_Times