ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၁ ရက်

ရခိုင်ပြည်နယ်နှင့်ထိစပ်လျက်ရှိသည့် ဧရာ၀တီတိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းအစပ်တို့တွင် တိုက်ပွဲများ ရောက်ရှိနေပြီဖြစ်ကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်သည်။

ရခိုင်-ဧရာဝတီတိုင်း အစပ်၏ နေရာအချို့ ပွိုင့် ၃၆၉ ကုန်း နှင့် ဧရာဝတီတိုင်း၊ ရေကြည်မြို့၊ ချင်းစု(ချင်းကွင်း)ကျေးရွာအနီးတွင်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

ထို့အပြင် ရခိုင်ရိုးမနှင့် နယ်နိမိတ် ထိစပ်လျက်ရှိသည့် ရိုးမတောင်တန်း၊ ရခိုင်-ပဲခူးအစပ်၊ ရခိုင်-မကွေးအစပ်၊ ရခိုင်-ဧရာဝတီတိုင်းအစပ်နှင့် ရခိုင်ရိုးမ- ဧရာဝတီတိုင်းအစပ်တို့တွင်လည်း စစ်ကောင်စီတပ်နှင့် AA တို့တိုက်ပွဲများ ပြင်းထန်နေသည်ဟုဆိုသည်။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းရှိ ကမြင်းကန် (ကံမြင်ကန်)၊ ပိန်းရေစမ်း၊ ကြက်ရေစမ်း ကျေးရွာ အနီးပတ်ဝန်းကျင် အမ်း-ပဒါန်းကားလမ်းမအနီးတွင် အပြန်အလှန် ထိုးစစ်၊ ခံစစ်များနှင့်အတူ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်မှာ တစ်ပတ်ကျော်ခန့် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ တပ်မ ၈၈ ၊ ၉၉ လက်အောက်ခံတပ်ရင်းများ၊ မကွေး၊ ကပစမှ တပ်ဖွဲဝင်များပါဝင်သည့် စစ်တပ်တပ်ရင်းများနှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ ကတည်းကပင် စတင်ထိတွေ့ဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲများအတွင်း စစ်သားများ၏ အလောင်းအမြောက်အများကို သိမ်းဆည်းရမိကာ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြားနှင့် စစ်သုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်အတွင်းတွင်လည်း အာရက္ခတပ်တော်(AA) က သိမ်းပိုက်ရန် ကျန်ရှိနေသည့် အဓိက မြို့ ကြီးသုံးမြို့ ဖြစ်ကြသော စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့ များထဲမှ စစ်တွေမြို့ နှင့်အနီးတစ်ဝိုက်တွင် စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်း၊ စနိုက်ဘာများဖြင့် တောက်လျှောက် ပစ်ခတ်တိုက်ခိုက်နေပြီး လေကြောင်း၊ ရေကြောင်းများမှလည်း ရမ်းသန်း ပစ်ခတ်တိုက်ခိုက်မှုများ နေ့စဥ်ပြုလုပ်နေကြောင်း သိရသည်။

အထူးသဖြင့် ဒရုန်းတိုက်ခိုက်မှု အပါအဝင် လေကြောင်းတိုက်ခိုက်မှုမှာ ပိုမိုများပြားကြောင်း AA ၏ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်၊ မွန်းလွဲ ၁ နာရီ ၁၂ မိနစ်ခန့်က စစ်တွေမြိုနယ်၊ ကံ့ကော်ကျွန်းရွာမှနေ၍ ၎င်း၏တစ်ဖက်ကမ်းရှိ ဝါဘိုကျေးရွာအတွင်းသို့ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဝါဘိုကျေးရွာအတွင်းရှိ အရပ် သားလူနေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-AA Info Desk
ပုံစာ – ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်မှ (၁၉) ရက်နေ့များတွင် အမ်းမြို့နယ်အတွင်း ကမြင်းကန် (ကံမြင်ကန်)၊ ပိန်းရေစမ်း၊ ကြက်ရေစမ်း ကျေးရွာအနီးပတ်ဝန်းကျင်တိုက်ပွဲများ၌ သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများ၊ သုံ့ပန်းနှင့်အလောင်းတချို့
ဓာတ်ပုံ-AA Info Desk
#ရခိုင် #ရိုးမ #အစပ် #ပဲခူး #ဧရာဝတီ #မကွေး #တိုက်ပွဲများ #ရောက်ရှိ #AA #ထုတ်ပြန် #Ayeyarwaddy_Times