
ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံ ဆက်လက်ရပ်တည်နေ
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၁ ရက်
မြန်မာနိုင်ငံတွင်မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှု အခြေအနေများအပါအဝင် မူးယစ် ဆေးဝါးသယ်ဆောင်ရာ လမ်းကြောင်းပြောင်းလဲလာကြောင်း စစ်ကောင်စီလက်အောက်ခံ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ယာယီရဲမှူးချုပ် သန့်လွင်မောင်က ထုတ်ဖော်ပြောကြားသည်။
ယမန်နေ့ ဇန်နဝါရီ ၂၀ ရက်နေ့က နေပြည်တော်တွင် ဗွီဒီယိုကွန်ဖရင့်ဖြင့်ကျင်းပသော မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ မဲခေါင်အဖွဲ့ဝင်နိုင်ငံများ၏ ဗဟိုတာဝန်ခံများအစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှုနှင့် သယ်ဆောင်ရာ လမ်းကြောင်း ပြောင်းလဲမှုများအပေါ် သုံးသပ်ပြီး အထူးစစ်ဆင်ရေးများချမှတ်နေကြောင်း၊ နိုင်ငံများအချင်းချင်း နိုင်ငံရေးရောယှက်မှု ကင်းရှင်းစွာဖြင့် သတင်းအချက်အလက် ဖလှယ်ပြီး ပူးပေါင်းဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
အဆိုပါအစည်းအဝေးကို တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်များအပါအဝင် ကုလမသဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) မှ ကိုယ်စားလှယ်များ တက်ရောက်ကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် ဘိန်း၊ ဘိန်းဖြူ၊ WY ၊ ဆေးခြောက်၊ ကိုကင်း၊ အိုက်စ်၊ ကက်တမင်းစသည့် မူးယစ်ဆေးဝါးများဖမ်းဆီးရရှိမှု ပိုများလာကြောင်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရသိရသည်။
ရန်ကုန်တိုင်းတွင် ယခု ဇန်နဝါရီ ဒုတိယပတ်အတွင်းက ငွေကျပ်သိန်း ၈၆၀၀ ကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ကီလို ၂၀ နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၆ သိန်းကျော် ဖမ်းဆီးရမိကြောင်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ယမန်နေ့ရက်စွဲဖြင် ထုတ်ပြန်ထားသည်။
” မူးယစ်ဆေးတွေအရမ်းသုံးနေကျတာ။ အရင်နှစ်တွေက WY သုံးပြားမှ ၅၀၀ ကျပ်ပေးရတယ်။ နောက်တစ်ပြား ၅၀၀ကျပ် ကနေ အခုတော့ ၁၀၀၀ကျပ် ဖြစ်သွားပြီ။ စစ်တပ်အာဏာသိမ်းလိုက်တော့ ဖြစ်ချင်တိုင်းဖြစ်နေတာ။ ဟိုအရင်ကဆို တစ်ပြားကို ၅၀၀၀-၆၀၀၀ ကျော်တယ်။ အခုတော့ ဈေးပေါပြီး အလွယ်တကုရနေတော့ ကလေးတွေက အစသုံးနေပြီ ” ဟု တက္ကစီမောင်းသူ အသက် ၃၀ အရွယ် လူငယ်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်တပ်အာဏာသိမ်းထားချိန်တွင် သက်ကျော်အရွယ်ကလေးများအပါအဝင် လူငယ်၊လူရွယ်များ မူးယစ်ဆးဝါးသုံးစွဲမှုပိုမိုကျယ်ပြန့်လာပြီး နေရာမရွေး၊အချိန်မရွေးဝယ်ယူနိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
၂၀၂၄ ခုနစ် ဇွန်လအထိ မူးယစ် ဆေးဝါးဖမ်းဆီးရရှိမှု ၁၃၅၅၀ မှု တန်ကြေး ၁၂၇ ဒသမ ၉၇၈ ဘီလီလျံ နှင့် ၂၀၂၃ ခုနှစ်တွင် မူးယစ် ဆေး ဝါးဖမ်းဆီးရရှိမှု ၆၅၃၉ မှု တန်ကြေး အမေရိကန်ဒေါ်လာ ၅၀၄ ဒသမ ၆၉၆ သန်းရှိ ကြောင်း စစ်ကောင်စီထံမှ သိရသည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေပြီး ၂၀၂၃ ခုနှစ်တွင်ဘိန်းစိုက်ပျိုးမှုအများဆုံးဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ၄ ရာခိုင်နှုန်းလျော့နည်းသွားကာ ဧရိယာ ၄၅,၂၀၀ ဟက်တာရှိကြောင်း ၂၀၂၄ ခုနစ် ဒီဇင်ဘာလတွင် ကုလမသဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ထုတ်ပြန်သည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ရှမ်းပြည်၌ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုအများဆုံးဖြစ်ကာ ဘိန်း မက်ထရစ်တန် ၁၀၈၀ ထုတ်လုပ်ခဲ့ပြီး ဘိန်းစီးပွားရေးပမာဏမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံအထိ ရှိခဲ့ကြောင်း UNODC ၏ ထုတ်ပြန်ချက်တွင်ပါဝင်သည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#မူးယစ်ဆေးဝါးလမ်းကြောင်းပြောင်း #ဖမ်းဆီးမှုများ #လူငယ်လူရွယ်သုံးစွဲမှုများ #Ayeyarwaddy_Times