ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၁ ရက်

ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်တွင် စစ်ကောင်စီခန့် ရပ်ကျေး အုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များနှင့် ပူပေါင်းကာ လောင်းကစားဝိုင်းများပြုလုပ်နေကြောင်း သိရသည်။

ကျုံဓနိကျေးရွာအုပ်စု စစ်ကောင်စီခန့် ရပ်ကျေး အုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်းသည် တိုက်နယ်စခန်းမှ ရဲများနှင့်ပူပေါင်းကာ ပြည်သူ့စစ်မူထမ်း ငှားရမ်းရာတွင် ဒေသခံပြည်သူများငွေကြေး သက်သာစေရန် အတွက်ဟု အကြောင်းပြ၍ ယခုလိုလောင်းကစားဝိုင်းများ ပြုလုပ်နေခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

၎င်းတို့ ပြုလုပ်သည့် လောင်းကစားဝိုင်းများတွင် ဂျင်ဝိုင်း ၊ ဖဲဝိုင်း၊ ကြက်ဝိုင်း၊ ခြောက်ကောင် ဝိုင်းများအပြင် အခြားလောင်းကစားများလည်းပါဝင်ပြီး နေ့စဥ်ပြုလုပ်နေခြင်း ဖြစ်ကြောင်း ဒေသခံ များကဆိုသည်။

“ပြည်သူတွေငွေထည့်ရ သက်သာစေရေးဆိုပြီး လုပ်နေကြတာ။ တကယ်ရရှိလာတဲ့ ငွေကို ခွဲဝေယူပြီးသုံးကြတယ်။ စစ်မှုထမ်းထဲ အထည့်ခံရတဲ့သူတွေကလည်း တော်ယုံအမှုကိစ္စရှိနေတဲ့ လူငယ်တွေကို ခြိမ်းခြောက်ပြီးထည့်တာ။ ကျေးရွာမှာ အရက်သောက်တတ်သူ၊ မိသားစုမရှိသူတွေကို သူခိုးအမူနဲ့ စွပ်စွဲပြီး စစ်မူထမ်းကို ထည့်နေတာ” ဟု ကျုံဓနိကျေးရွာအုပ်စုရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့ပြင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်းသည် စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြီး အဝေးပြေး လမ်းမတစ်လျှောက်ရှိ သစ်ပင်အချို့ကိုလည်း ထင်သလို ခုတ်လှဲရောင်းချပြီး ကိုယ်ကျိုးအတွက် အသုံးပြုနေသည်ဟု ဒေသခံများကပြောကြား သည်။

အုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်းသည် ဒေသခံများကို ခြိမ်းခြောက်အနိုင်ကျင့်မှုများပြုလုပ်ခြင်းကြောင့် ၎င်း၏ နေအိမ်ကို လက်လုပ်ဗုံးဖြင့် နှစ်ကြိမ်ပစ်၍ သတိပေးခံထားရပြီး ၎င်းမှာ လက်ရှိ စစ်ကောင်စီတပ်ထံတွင် လျှို့ဝှက်၍ သေနတ်ပစ်သင်တန်းတက်နေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ဓာတ်ပုံ-ဝါးခယ်မမြို့နယ်အတွင်း ပြုလုပ်ခဲ့သည့် လောင်းကစားဝိုင်း (၂၀၂၁ ခုနှစ်က ပုံဟောင်း)

#ဓနုဖြူ #ပြည်သူ့စစ်မှုထမ်း #ငှားရမ်းရန် #အကြောင်းပြ #အုပ်ချုပ်ရေးမှူး #စစ်ကောင်စီ #ရဲတပ်ဖွဲ့ဝင် #လောင်းကစားဝိုင်းများပြုလုပ် #Ayeyarwaddy_Times