ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၁ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ်ရှိ စစ်ဆေးရုံဖြစ်သော မဆရ ၄ သို့ ရွှေသောင်ယံမြို့၊ ဘောမိရွာတိုက်ပွဲတွင်ဒဏ်ရာရရှိခဲ့သော စစ်ကောင်စီတပ်သား ၆၀ ကျော်ကို လာရောက်ပို့ဆောင်ထားကြောင်း သိရသည်။

အဆိုပါ ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်သားများကို ဘောမိကျေးရွာမှတဆင့် ဒေသခံစက်လှေများကိုချောဆွဲကာ ချောင်းသာသို့ပို့ဆောင်ပြီးနောက် ပုသိမ်မြို့သို့ လူနာတင်ကား၊ ကုန်ကားများဖြင့် တင်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

“ညဘက်ကြီး မဆရ ၄ ဆေးရုံကို အရေးပေါ်ပို့လာတာကုန်တင်ကားနဲ့တောင်တင်လာရတယ်။ ဆေးရုံမှာပြည့်ကြပ်နေတာပဲ။ အများစုကစစ် သင်တန်းဆင်း ထားတဲ့ လူသစ်တွေများတယ်”ဟု စစ်ကောင်စီနှင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဘောမိကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ သေဆုံးဒဏ်ရာရသူများပြားပြီး အချို့မှာ ယနေ့အထိတပ်သို့ပြန်မလာပဲထွက်ပြေးနေသောကြောင့် ချောင်းသာနှင့်ရွှေသောင်ယံကမ်းခြေရွာများတွင် လိုက်လံရှာဖွေဖမ်းဆီးမှုများပြုလုပ်နေကြကြောင်း ဒေသခံများထံမှသိရှိရသည်။

လက်ရှိဖြစ်ပွါးနေသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်များအထိနာနေပြီး မကျီးဇင်ကျေးရွာနှင့်ဘောမိကျေးရွာများကို တော်လှန်ရေးအင်အားစုများဘက်မှ ထိမ်းချုပ်ထားကြောင်းသိရသည်။

#အနောက်တောင်တိုင်းစစ်ဌာနချုပ် #တပ်ဆေးရုံ #ဘောမိတိုက်ပွဲ #ဒဏ်ရာရစစ်ကောင်စီတပ်သား #မကျီးဇင် #ရွှေသောင်ယံ #Ayeyarwaddy_Times