ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၀ ရက်

တောင်ကုတ်နှင့် ပြည်ပန်းတောင်းအစပ် ရခိုင်ရိုးမပေါ် တွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်း ထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများကာ ထိခိုက်ဒဏ်ရာရရှိသူများကို ပန်းတောင်ရှိ အမှတ် (၆) စစ်ဆေးရုံသို့ ဖောကားများဖြင့်သယ်ကာ ‌ပို့ဆောင်လျက်ရှိကြောင်း သိရသည်။

AA နှင့်ပူးပေါင်းတပ်များသည် ဇန်နဝါရီပထမပတ်မှ စတင်ကာ တောင်ကုတ်-ပန်းတောင်းအစပ်ရှိ စစ်ကောင်စီ၏ တောင်ပုံကြီးစခန်းကို ထိုးစစ်ဆင်တိုက် ခိုက်ခဲ့ပြီး ရက်ပိုင်းအတွင်း စခန်းကျကာ မိုးထိစခန်းအထိ ထိုးစစ်ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲများမှ ဒဏ်ရာရနှင့် သေဆုံးစစ်ကောင်စီ တပ်သားများကို ဖောကားများဖြင့်သယ်ယူ၍ ဥသျှစ်ပင်နှင့် ပန်းတောင်းမြို့ရှိ အမှတ် (၆) စစ်ဆေးရုံသို့ ပို့ဆောင်နေကြောင်း ဒေသခံများထံက သိရသည်။

“အပုံလိုက်ပဲ ဖောကားနဲ့သယ်သယ်လာတာ။ အတိုအပြတ်တွေရောပဲ။ ဒီနေ့လည်း တိုက်ပွဲဖြစ်တယ်။ နေ့တိုင်းနီးပါးလိုပဲ။ စစ်ကူအင်အားတွေလည်း ဆက်တိုက်ပို့နေတာ။ ပြန်ဆင်းလာလို့ သယ်လာပြီဆို အတိုအပြတ်နဲ့ အလောင်းတွေကြီးပဲ”ဟု ပန်းတောင်းဒေသခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီခန့် ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်နေ့က အမှတ် (၆) စစ်ဆေးရုံ ခုတင် ၁၀၀ သို့ ပို့ဆောင်ထားသည့် ဒဏ်ရာရရှိထားသူများကို သွားရောက် တွေ့ဆုံခဲ့သည်။

စစ်ကောင်စီခန့်ဝန်ကြီးချုပ်နှင့် စစ်ကောင်စီတပ်မှ အရာရှိများ လာရောက်ကြည့်ရှုစဉ် တိုက်ပွဲအတွင်းမှ ဒဏ်ရာရရှိထားသည့် အတိုအပြတ် (ခြေပြတ်၊ လက်ပြတ်) နှင့် စိုးရိမ်ရလူနာများကို နေရာပြောင်းရွှေ့ထားကာ အခြားစစ်သည်များဖြင့် အစားထိုးထားရကြောင်း တပ်သတင်းရင်းမြစ်ထံက သိရသည်။

တပ်စခန်းကျ၍ စစ်ရှုံးပြန်လာသည့် ဒဏ်ရာရသူများကို တွေ့ဆုံချိန်တွင် မိမိတို့၏အသက်ကို ပဓာနမထားဘဲ နိုင်ငံတော်၏ ကာကွယ်ရေးလုပ်ငန်းများတွင် ရဲဝံ့စွန့်စားစွာ ထမ်းဆောင်ခဲ့ကြသည့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို ကြည့်ရှုခဲ့ကြောင်း စစ်ကောင်စီသတင်းများတွင် ဖော်ပြထားသည်။

#ပဲခူး #ပြည် #ပန်းတောင် #ရွှေတောင် #စစ်ဆေးရုံ #ဒဏ်ရာရ #တပ်သားများ #ပို့ဆောင် #Ayeyarwaddy_Times