ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၀ ရက်

ဧရာ၀တီတိုင်းအတွင်းမှ စစ်မှုထမ်းရန်ခေါ်ဆောင်ခံရသည့် လူငယ်များကို အနောက်တောင်တိုင်းစစ်ဌာနချုပ်တွင်ထားရှိပြီး သင်တန်းအပါတ်စဥ် ၉ အဖြစ် ဇန်နဝါရီလ ၁၈ ရက်နေ့က စတင်စေလွှတ်ခဲ့ကြောင်း သိရှိရသည်။

စစ်မှုထမ်းသင်တန်းတက်ရောက်သူများကို အနောက်တောင်တိုင်းစစ်ဌာနချုပ်ရှိ အားကစားခန်းမတွင် ဧရာ၀တီတိုင်း၀န်ကြီးချုပ် ဦးတင်မောင်၀င်းနှင့် စစ်တိုင်းမှူးဗိုလ်မှူးချုပ်စိုးကျော်ထက်တို့လာရောက်တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီပိုင်မီဒီယာများမှ သတင်းထုတ်ပြန်သည်။

“အပါတ်စဉ် ၈ တောင် သင်တန်းတက်တာနှစ်လမပြည့်သေးဘူး၊ ရှေ့တန်းမှာ စစ်သားအင်အားတွေ တအားလိုနေပြီလေ”ဟု စစ်ကောင်စီတပ်နှင့်နီးစပ်သူတစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပုသိမ်မြို့နယ် ၊ ရွှေမြင်တင်ကျေးရွာအုပ်စုရှိအမှတ် ၆ စစ်အခြေခံ လေ့ကျင့်ရေးတပ် သို့ဇန်နဝါရီ ၁၉ ရက်နေ့တွင် လူငယ် ၃၀၀ နီးပါးကို ကားများဖြင့် လာရောက်ပို့ဆောင်သွားကြောင်း စစ်ကောင်စီတပ်နှင့်နီးစပ်သူများထံမှ သိရသည်။

ယခုသင်တန်းတက်ရသူများသည် ကျေးရွာအုပ်ချုပ်ရေးများ၊ စစ်ကောင်စီတပ်နှင့် ရဲများမှ ဧရာ၀တီတိုင်းရှိမြို့နယ်များတွင် အတင်းအဓမ္မပေါ်တာဆွဲခြင်းခံခဲ့ရသူ အများဆုံးပါ၀င်
ကြောင်း သိရသည်။

ဧရာ၀တီတိုင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအပါတ်စဉ် ၈ ကို ဒီဇင်ဘာ ၂၀ ရက်နေ့တွင်သင်တန်းစတင်ပေးခဲ့ပြီး သင်တန်းကာလ တစ်လပြည့်ချိန်တွင် ယခုအပါတ်စဥ် ၉ ကို စတင်ရန်စီစဥ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဧရာ၀တီတိုင်းရှိ ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းတပ်သားသစ်အများစုကိုရှေ့တန်းစစ်မြေပြင်သို့ပို့ဆောင်ရာတွင် သေဆုံး၊ပျောက်ဆုံးခြင်းနှင့် တပ်များတွင်နေ့စဥ်ထွက်ပြေးမှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

#ဧရာ၀တီတိုင်း #ပေါ်တာဆွဲခံရသောလူငယ်များ #ပြည်သူ့စစ်မှုထမ်းအပါတ်စဥ်၉ #ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်း #ဗိုလ်မှူးချုပ်စိုးကျော်ထက် #Ayeyarwaddy_Times