
ဧရာဝတီတိုင်းမ်
(နတ်တလင်း)၊ ဇန်နဝါရီ ၂၀ ရက်
ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ဆီဆုံကုန်းရွာတွင် စစ်ကောင်စီက ရွာတွင်အိမ်စောင့်ကျန်နေကြသည့် ဒေသခံ ၁၀ ဦးဝန်းကျင်ကို ဖမ်းဆီးကာ သေနတ်ဖြင့် ပစ်သတ် ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်သည့် တပ်သား၊ ရဲ နှင့် ပျူစောထီးများသည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၅ ရက်နေ့က ဆီဆုံကုန်းရွာတွင်းသို့ ဝင်ရောက်လာပြီး နေမကောင်း၍ အိပ်ယာထဲလဲနေသည့် ကို မင်းထိုက်ဆိုသူကို စတင် သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲ့နှင့် ပျူစောထီးများပါဝင်သော စစ်အုပ်စုသည် ကိုမင်းထိုက်ကို သတ်ဖြတ်ခဲ့ ပြီးနောက် ဇန်နဝါရီ ၁၆ ရက်နေ့တွင် ကျန်ရွာသား အချို့ကိုထပ်မံ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဘယ်နှစ်ယောက် အသတ်ခံရလတယ် ဆိုတာတော့သေချာမသိသေးဘူး။ ၁၀ ယောက်ဝန်းကျင် လောက်ရှိမယ်။ သိရသလောက်တော့ သူတို့ (စစ်ကောင်စီ) ရွာထဲဝင်လာပြီး ဖမ်းမိထားတဲ့သူတွေကို လက်ပြန်ကြိုးတွေတုပ်၊ တန်းစီ ပစ်သတ်လိုက်တာလို့သိရတယ်။ အလောင်းတွေကိုလည်း အခုမတွေ့ တော့ဘူးလို့ပြောတယ်။ ဘယ်ကိုရွှေ့လိုက်ပြီလဲမသိဘူး” ဟု ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီ တိုင်းမ်ကို ပြောသည်။
ဆီဆုံကုန်းရွာသည် အိမ်ခြေ ၆၀၀ ဝန်းကျင်ရှိသည့် ကျေးရွာတစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်က မကြာခဏ တပ်စွဲလေ့ရှိသောကြောင့် ရွာလုံးကျွတ် စစ်ဘေးရှောင်နေကြရကာ ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များပြန်လည်ထွက်ခွာသွားသည့်အတွက် ဒေသခံများ ပြန်လည် ဝင်ရောက် နေထိုင်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်အုပ်စုသည် ယခုအခါတွင် ဆီဆုံကုန်းရွာအတွင်း နေအိမ်များမှ ပစ္စည်းများကို ဖောက်ထွင်း ယူဆောင်နေပြီး ဘုန်းကြီးကျာင်းရှိ ဆိုလာပြားများကိုပါ ယူဆောင်၍ ကားများဖြင့် ပစ္စည်းများ သယ်ထုတ်နေကြောင်း သိရသည်။
“ဆီဆုံကုန်းနဲ့ လေး မိုင် လောက်အကွာမှာ တောင်ညိုမြို့သစ်ရဲ့ ရဲစခန်းရှိတယ်။ အဓိကက သူတို့က တောင်ညိုမြို့သစ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ လာသိမ်းမှာ စိုးလို့ဆိုပြီး ရိုးမတောင်ခြေက ရွာတွေကို ဖျက်ဆီး နေတာ။ ဆီဆုံးကုန်းကိုလည်း ၂၂ ရက်နေ့ကြရင် မီးရှို့မယ်လို့ ပြောနေကြတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် စစ်ကောင်စီသည် ဇန်နဝါရီ ၁၇ ရက်နေ့က ဆီဆုံကုန်းရွာ၏ အနီးဝန်းကျင်ကရွာများဖြင်သည့် ဘန့်ဘွေးကုန်းရွာ နှင့် လယ်အင်းမရွာ ရှိ နေအိမ်အချို့ကိုလည်း မီးရှို့မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ၂၀၂၄ ၊ ဒီဇင်ဘာ ၂ ရက် နေ့ကလည်း ဆီဆုံကုန်းရွာကို လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ ဒေသခံ အမျိုးသမီး တစ် ဦးသေဆုံးပြီး ရှစ် ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – အင်တာနက်(ပုံဟောင်း)
#နတ်တလင်း #ဆီဆုံကုန်း #ဒေသခံ #သတ်ဖြတ်ခံရ #စစ်ကောင်စီ #Ayeyarwaddy_Times