နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၀ ရက်

ခုခံတော်လှန်မှုများကြောင့် စစ်ရေးအရရှုံးနိမ့်လာသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အရပ်သားများကို ပစ်မှတ်ထားကာ တိုက်ခိုက်နေသော်လည်း စစ်ဘေးရှောင်များကို ထောက်ပံ့ပေးသွားမည်ဟု ပြောဆိုခဲ့ကြောင်း ၎င်းတို့၏ ဝါဒဖြန့်သတင်းများအရ သိရသည်။

စစ်ခေါင်းဆောင်သည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သော စစ်ကောင်စီအစည်းအဝေး၌ စစ်ဘေးရှောင်များကို အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးရန်ပုံငွေမှ ထောက်ပံ့မှုများ ပြုလုပ်ပေးသွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

စစ်ခေါင်းဆောင်သည် ပြည်တွင်းပြည်ပ အကူအညီ၊ အထောက်အပံ့များကို ထိန်းချုပ်နိုင်ရန် ကြိုးစားနေပြီး ထိုသို့ပြောဆိုခြင်းသည် ၎င်းတို့နယ်မြေ ပြန်လည်ချဲ့ထွင်ရန်နှင့် နိုင်ငံရေးသိက္ခာ ပြန်ဆယ် နိုင်ရန် စည်းရုံးပြောဆိုခြင်းဖြစ်၍ အဆိပ်အတောက်ကဲ့သို့ အကူအညီများသာ ဖြစ်လာနိုင်ကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူများထံက သိရသည်။

“စစ်ဘေးရှောင်ကို ကူညီမယ့် အထောက်အပံ့တွေကို စစ်ကောင်စီက ထိန်းချုပ်ဖို့ ကြိုးစားနေတာ ကြာပါပြီ။ အဓိကကတော့ သူတို့နယ်မြေ ပြန်လည်ချဲ့ထွင်ဖို့၊ နိုင်ငံရေးသိက္ခာ ပြန်ဆယ်ဖို့အတွက်ပါ” ဟု ပအိုဝ်းလူငယ်အစည်းအရုံး (PYO)ဒုဥက္ကဋ္ဌ ခွန်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတစ်ဝန်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး စစ်ရေးအရှိန် ပိုမိုမြှင့်တက်လာချိန်တွင် စစ်ရှုံးစစ်ကောင်စီက အရပ်သားများကို ပစ်မှတ်ထား၍ လေကြောင်းအားပြု လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းတို့ဖြင့် ပစ်ခတ်ဗုံးကြဲ တိုက်ခိုက်လျက်ရှိသည်။

စစ်ခေါင်းဆောင်ကမူ ၎င်းတို့၏ လူမဆန်သော အကြမ်းဖက် လုပ်ရပ်များကို ထိန်ချန်၍ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် တော်လှန်ရေး အင်အားစုများအပေါ် လွဲချအပြစ်တင် စွပ်စွဲခဲ့ပြီး အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသော သဘာဝ ဘေးအန္တရာယ်များကိုလည်း လစ်လျူရှုခဲ့ ကြောင်း သိရသည်။

ထို့အပြင် ဘေးအန္တရာယ်အမျိုးမျိုးအတွက် ပြည်တွင်းပြည်ပမှ ကူညီထောက်ပံ့ လှူဒါန်းလာသည့် ငွေကြေးများကို ကိုယ်ကျိုးအသုံးပြုမှုနှင့် ၎င်းတို့အာဏာ တည်မြဲရေးအတွက် နေရာဒေသ၊ လူမျိုးရေး ခွဲခြား၍ ဟန်ပြစည်းရုံးကာ အသုံးချနေကြောင်း ဒေသခံများနှင့် အရပ်ဖက် အဖွဲ့အစည်များ၏ ပြောကြားချက်အရ သိရသည်။

“အခုနောက်ပိုင်း စစ်ကောင်စီဟာ စစ်ဘေးရှောင်တွေကို အတင်းဖိအားပေးပြီး စစ်ဘေးရှောင်ကို အသိအမှတ်မပြုတာမျိုး တွေ့နေရတယ်။ ပြီးတော့ သူတို့ပေးချင်တဲ့ နေရာ၊ လူတွေကိုပဲ ပေးတယ်၊ လူမျိုးရေး ခွဲခြားမှုတွေလည်း ဟုတ်တယ်။ သူတို့ အဲဒါတွေကို ယူသုံးနေတာလည်း တွေ့ရတယ်” ဟု PYO ဒုဥက္ကဋ္ဌ ခွန်ဦးက ပြောသည်။

စစ်ဘေးရှောင်များ ကိုယ်တိုင်ကလည်း စစ်ကောင်စီဆီမှပေးလာသည့် အကူအညီများဆိုပါက ကြောက်လန့်၍ လက်မခံချင်သလို အရပ်သားများအနေဖြင့် တိုက်ပွဲများ ဖြစ်ပွားလာပါက အခြား ဘေးလွတ်ရာများအပြင် တော်လှန်ရေး အင်အားစုများထံသို့ ထွက်ပြေးတိမ်းရှောင်ကြကြောင်း သိရသည်။

လက်ရှိတွင် နိုင်ငံတဝန်း စစ်ဘေးရှောင်များ မြင့်တက်လျက်ရှိပြီး ၎င်းတို့အတွက် အရေးပေါ် စားနပ်ရိက္ခာ၊ ဆေးဝါး စသည်တို့ လိုအပ်နေသော်လည်း စစ်ကောင်စီ၏ လုပ်ရပ်များကြောင့် အယုံ အကြည်မရှိကြောင်း Karenni Human Rights Group-KHRG တည်ထောင်သူ ဗညားခွန်အောင်က ဆိုသည်။

“မင်းအောင်လှိုင် (စစ်ခေါင်းဆောင်)သာ အာဏာမသိမ်းဘူးဆိုရင် ဒီကိစ္စရပ်ကလည်း ပေါ်လာစရာ အကြောင်းမရှိဘူး။ သူတို့ပေးအပ်လာတဲ့ အကူအညီတွေကလည်း အဆိပ်အတောက်ပမာလို့ ကျွန်တော်ကတော့ သတ်မှတ်ပါတယ်” ဟု ဗညားခွန်အောင်က ဧရာ၀တီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီအနေဖြင့် တိုင်းနှင့်ပြည်နယ်အလိုက် စစ်ဘေးရှောင်စာရင်းများ ကောက်ယူနေပြီး လက်အောက်ခံ အဖွဲ့ဝင်များအနေဖြင့် အခြေခံပြည်သူလူထု သက်သာချောင်ချိရေးအတွက် မဖြစ်မနေ ကြိုးပမ်းရမည်ဟု နေပြည်တော်တွင် ပြုလုပ်ခဲ့သော စစ်ကောင်စီအစည်းအဝေးတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။

ဓာတ်ပုံ-စစ်ကောင်စီ
#အရပ်သားများ #ပစ်မှတ်ထား #ဗုံးကြဲတိုက်ခိုက် #စစ်ခေါင်းဆောင် #စစ်ဘေးရှောင်များ #ထောက်ပံ့မည် #Ayeyarwaddy_Times