
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၀ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့နှင့် ဘောမိကျေးရွာကြားရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၁၈ ရက်နေ့က စတင်ရွှေ့ပြောင်းခိုင်းနေကြောင်း ဒေသခံများထံမှ သိရသည်။
ဘောမိကျေးရွာတွင် တိုက်ပွဲများပြင်းထန်ပြီးနောက်ပိုင်း ဘောမိကျေးရွာနှင့် ရွှေသောင်ယံကြားရှိ ကျေးရွာများကို အသစ်ရောက်လာသည့် စစ်ကောင်စီတပ်အရာရှိက ရွှေ့ပြောင်းခိုင်းခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“ခုအသစ်ရောက်လာတဲ့ တပ်ကူအဖွဲ့က အရာရှိက ရွှေ့ခိုင်းတာပါ၊ မနေ့က စရွေ့ခိုင်းတာ ရွှေသောင်ယံအထက်နားက ရွာတွေအကုန်ပါတယ်။ ခုက တိုက်ပွဲတွေဘောမိနားမှာ ဖြစ်နေတော့ ရွှေ့ခိုင်းတာ”ဟု ချောင်းသာကမ်းခြေဒေသနေ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသမီးတဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ရွှေသောင်ယံမြို့နှင့် ဘောမိကျေးရွာကြားရှိ ကျေးရွာများအား ရွှေ့ပြောင်းခိုင်းတာတွေပြုလုပ်နေပေမယ့် ရွှေသောင်ယံမြို့နှင့် ချောင်းသာဒေသရှိ ပြည်သူများအား ရွှေပြောင်းခိုင်းခြင်းမျိုး မရှိသေးကြောင်း ၎င်းမှ ဆက်လက်ပြောဆိုသည်။
လက်ရှိအချိန်တွင် ဘောမိကျေးရွာအား ရက္ခိုင့်တပ်တော် AA နှင့် ပူးပေါင်းတပ်များမှ ထိန်းချုပ်ထားပြီး ကျေးရွာတဝိုက်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေ၍ စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးအသုံးပြုကာ တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
#ရွှေသောင်ယံမြို့ #ဘောမိ #ကျေးရွာများကို #စစ်ကောင်စီရွှေ့ခိုင်း #Ayeyarwaddy_Times