ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၉ ရက်

မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟတ်ဆန်ဟာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေး (AMM Retreat) ကို သဘာပတိအဖြစ် ဆောင်ရွက်ကာ ဒေသတွင်းနဲ့ နိုင်ငံတကာ ရေးရာတွေကို ဆွေးနွေးနေတယ်လို့ နိုင်ငံခြား ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

“အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာ့အရေး၊ ပထဝီနိုင်ငံရေး တင်းမာမှုတွေ၊ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိခိုက်စေတဲ့ အခြားစိန်ခေါ်မှုတွေ အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာကိစ္စရပ်တွေအပေါ် အမြင်ချင်းဖလှယ်ကြမှာဖြစ်ပါတယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မလေးရှား နိုင်ငံခြားရေးဝန်ကြီးဟာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အာဆီယံ၊ နှစ်နိုင်ငံ ဆက်ဆံရေး ကိစ္စရပ်တွေဆွေးနွေးဖို့ တွေ့ဆုံမယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးမှာ တီမောလက်စတေးနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးက လေ့လာသူအဖြစ် တက်ရောက်မှာဖြစ်ပြီး အာဆီယံအဖွဲ့ အတွင်းရေးမှူးချုပ်နဲ့ မြန်မာ စစ်ကောင်စီ ကိုယ်စားလှယ်တစ်ဉီးလည်း တက်ရောက်မယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တော်မှာ ကျင်းပခဲ့တဲ့ ၄၄ ကြိမ်မြောက်နဲ့ ၄၅ ကြိမ် မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ အာဆီယံခေါင်းဆောင်တွေ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေအပေါ် လုပ်ဆောင်ချက်တွေကို အစည်းအဝေးက ပြန်လည်သုံးသပ်မယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

မလေးရှားနိုင်ငံရဲ့ ၂၀၂၅ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်မှုအရ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့် အစည်းအဝေး (AMM Retreat) ဟာ ပထမဆုံးသော ဝန်ကြီးအဆင့် အစည်းအဝေးတစ်ခု ဖြစ်ပါတယ်။

အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံနဲ့ လေ့လာသူအဆင့် တီမောလက်စတေးနိုင်ငံမှ ကိုယ်စားလှယ် ၂၀၀ ကျော် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ သီးသန့် အစည်းအဝေး (AMM Retreat) ကို တက်ရောက်လျက်ရှိပါတယ်။

ကိုးကား – Bernama

Ref; Asean Foreign Ministers to discuss Myanmar crisis, key regional and international issues in Langkawi, says Foreign Ministry