
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၉ ရက်
ဧရာ၀တီတိုင်း၊ မြောင်းမြမြို့ အမှတ် (၂) ရပ်ကွက်ရှိ ညောင်ပင်လေးဈေး မီးလောင်မှုဖြစ်ပွါးခဲ့ရာ ဆိုင်ခန်းပေါင်း ၁၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါမီးသည် ဇန်နဝါရီ ၁၉ ရက် မနက် ၁ နာရီ ၃၅ မိနစ်ခန့်တွင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
“အချိန်မတော်ကြီးထလောင်တာ အဲ့ဈေးက မြောင်းမြမှာ ဆန်ဆိုင်တွေများဆုံးရှိလို့ ဆန်တန်းလို့လဲ ခေါ်တယ်။ ကမ်းနားနဲ့နီးလို့ ရေစုပ်စက်တွေနဲပက်လို့ မြို့ကိုမကူးတာ ၊ မီးကမနည်းကြီးတယ်”ဟု မြောင်းမြဒေသခံတစ်ဦးက ဧရာ၀တီတိုင်မ်းကို ပြောသည်။
ညောင်ပင်လေးဈေးတွင် ညပိုင်း ထမင်းကြော် ရောင်းချသောဆိုင်မှ ကျန်ရှိသောမီးကြွင်းမီးကျန်မှ စတင်လောင်ကျွမ်းခြင်းဖြစ်ပြီးလောင်ကျွမ်းချိန် တစ်နာရီကျော်ကြာမြင့်ခဲ့ရာဆိုင်ခန်းအားလုံး ပြာကျပြီးကာမှ မီးသတ်နှင့် ပြည်သူများ မီးထိန်းနိုင်ခဲ့ကြောင်း သိရသည်။
” တချို့ဆိုင်တွေဆို အထဲမှာ ဆန်တွေ၊ ကုန်တွေလှောင်ထားတာသိန်း ၂၀၀၀ ဘိုးလောက်ပါသွားတယ်လို့ သိရတယ်။ ကနဦး ဆုံးရူံးမှုတန်ဖိုးတော်တော်များပါတယ်”ဟု မြောင်းမြခရိုင် မီးသတ်အရာရှိတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောသည်။
မီးလောင်မှုကို မြောင်းမြခရိုင်နှင့် မြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဥ် ခုနစ် စီးအပါအ၀င် ဒေသခံများပူးပေါင်းကာငြိမ်းသတ်ခဲ့ရပြီး စုစုပေါင်းဆိုင်ခန်း ၁၁၀ ပျက်စီးဆုံးရူံးခဲ့ကာ ထိခိုက်ဒဏ်ရရသူမရှိကြောင်း သိရသည်။
လက်ရှိတွင် ညောင်ပင်လေးဈေးရှိ မီးစတင်လောင်ခဲ့သောထမင်းကြော်ဆိုင်ပိုင်ရှင်ကို မြောင်းမြမြို့နယ် ရဲတပ်ဖွဲမှ ခေါ်ယူစစ်ဆေးနေကြောင်း သိရသည်။
ပုံစာ-မြောင်းမြမြို့ညောင်ပင်လေးဈေးမီးလောင်မှုမြင်ကွင်း
#မြောင်းမြမြို့#ညောင်ပင်လေးဈေး #မီးလောင် #ဆိုင်ခန်းပေါင်း #၁၀၀ကျော်ဆုံးရှုံး #Ayeyarwaddy_Times