ဧရာဝတီတိုင်းမ်
(ဆိပ်ဖြူ)၊ ဇန်နဝါရီ ၁၉ ရက်

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် အခြေစိုက် စစ်ကောင်စီ လက်အောက်ခံ အမှတ်(၂၁)၊ ကာကွယ်ရေးပစ္စည်း စက်ရုံ(ကပစ) ကို ယမန်နေ့ ဇန်နဝါရီ ၁၈ ရက်နေ့၊ ညနေ ၄ နာရီဝန်းကျင်တွင် တော်လှန်ရေးတပ်ဖွဲ့များက ရှော့တိုက်ဒုံး ရှစ်လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ လေတပ်ကအားထားရသည့် တိုက်ခိုက်ရေးဗုံးသီးများထုတ်လုပ် နေသည့် ကပစ(၂၁) ကို ၁၀၇ မမ ရှော့တိုက်ဒုံး ရှစ် လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ခုနစ် လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ကြောင်း သိရသည်။

“ထိခိုက်မှုကို ဆက်လက်စုံစမ်းနေပါတယ်ခင်ဗျ” ဟု အဆိုပါတိုက်ခိုက်မှုကို ဦးဆောင်ခဲ့သည့် Brave Warriors for Myanmar -BWM တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ၏ ကပစ(၂၁) သည် လေတပ်မှ အရပ်သားပြည်သူများအပေါ် ဗုံးကြဲသတ်ဖြတ်ရာတွင် အသုံးပြုသည့် ပေါင် ၂၅၀၊ ပေါင် ၅၀၀ ဗုံးသီးများ၊ Clusterဗုံးသီး(ဆင့်ကွဲပေါက်ကွဲသည့်ဗုံးသီး) များအပါအဝင် တိုက်လေယာဥ်သုံး ဗုံးသီးအမျိုးမျိုးကို အဓိက ထုတ်လုပ်သည့် စက်ရုံဖြစ်သည့်အတွက် တိုက်ခိုက်ရခြင်းဖြစ် ကြောင်း BWM က ပြောဆိုထားသည်။

ကပစ(၂၁)၏ လက်ရှိစက်ရုံမှူးသည် ဗိုလ်မှူးကြီး ညီညီလတ်ဖြစ်ပြီး နေပြည်တော်တွင် နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်(နကတ) တက်ရောက်နေသည့်အတွက် ခေတ္တစက်ရုံမှူးအဖြစ် ဒုတိယ ဗိုလ်မှူးကြီး ဇော်ဦးလတ်က တာ၀န်ယူထားကြောင်း တပ်သတင်းရင်းမြစ်ထံက သိရသည်။

“Factory(စက်ရုံ) တွေကို လေကြောင်းကနေ အလွယ်တကူ ကင်းမထောက်နိုင်အောင် ပြောက်ကျား ဆေးတွေ သုတ်ထားပါတယ်။ အမိုးကအစ စက်ရုံတွေတင်မက လိုင်းခန်းအုပ်ချုပ်မှု အဆောက် အဦးတွေကအစ အားလုံးပြောက်ကျားတွေချည်း ဖြစ်ပါတယ်။ စက်တစ်ခုထိခိုက်သွားတယ် ဆိုရင် တောင် ပုံမှန်လည်ပတ်ဖို့ မလွယ်တော့ဘူး။ တစ်ခုထိသွားရင် လနဲ့ချီကြာပြီးမှ ပြန်လည်ပတ်နိုင်တယ် “ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီ တိုင်းမ်ကို ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို Brave Warriors for Myanmar -BWM အဖွဲ့က ဦးဆောင်ပြီး Eagle Brigade (ANyar Eagle) အဖွဲ့၊ No More Dictatorship-NMD အဖွဲ့၊ Shadow (Mandalay)အဖွဲ့နှင့် ဒေသခံတော်လှန်ရေး ရဲဘော်အင်အားစုများက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

BWM အဖွဲ့သည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်နေ့ကလည်း စစ်ကောင်စီ၏ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) ကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်းလည်း သိရသည်။

ဓာတ်ပုံ – ပေးပို့
#ဆိပ်ဖြူ #ကပစ၂၁ #စစ်ကောင်စီ #ရှော့တိုက်ဒုံး #ပစ်ခတ်ခံရ #Ayeyarwaddy_Times