ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၉ရက်

ရခိုင်ပြည်နယ် စစ်ပွဲများအတွင်း အာရက္ခတပ်တော် (AA) က လက်ရဖမ်းဆီးထားသော စစ်သုံ့ပန်းများ၊ ၎င်းတို့၏ မိသားစုဝင်များထဲမှ မကြာမီပြန်လည်လွှတ်ပေးရန် စီစဉ်ထားသောသူများကို ယာယီ ထိန်းသိမ်းထားရှိသည့် နေရာအား စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်သဖြင့် ၂၈ ဦးသေဆုံးကြောင်း ယနေ့ ဇန်နဝါရီ ၁၉ ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီသည် ယမန်နေ့ ဇန်နဝါရီ ၁၈ရက်နေ့က မြောက်ဦးမြို့နယ်၊ ရမ်းချောင်းအနီးတစ်ဝိုက်ရှိ စစ်ကောင်စီ စစ်သုံ့ပန်းမိသားစုဝင်များထားရှိသည့်နေရာကို ဂျက်ဖိုက်တာဖြင့် ညနေ ၄ နာရီ ၄၅ မိနစ်တွင် တစ်ကြိမ်၊ ၄ နာရီ ၄၆ မိနစ်တွင် တစ်ကြိမ် နှင့် ၄ နာရီ ၄၇ မိနစ်တွင် တစ်ကြိမ် သုံးကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်နှင့်အမျိုးသမီး စုစုပေါင်း ၂၈ ဦး သေဆုံးခဲ့ပြီး ၂၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများမှာ အရေးပေါ်ဆေးကုသမှုခံယူနေရပြီး ၎င်းတို့အနက် ဒဏ်ရာပြင်းထန်သူ အချို့မှာ နောက်ထပ် သေဆုံးသူများစာရင်းထဲတွင် ရှိလာနိုင်သည်ဟု AAက ဆိုသည်။

ယခုကဲ့သို့ဗုံးကြဲခံရ၍ သေဆုံး၊ ဒဏ်ရာရရှိသော စစ်သုံ့ပန်းမိသားဝင်များမှာ ရခိုင်ပြည်နယ် စစ်ပွဲများ အတွင်း ဖမ်းဆီးရမိထားသည့် စစ်ကောင်စီ၏ တပ်မိသားစုဝင်များဖြစ်ပြီး မကြာမီအချိန်ကာလ တစ်ခုတွင် ၎င်းတို့ကို အာရက္ခတပ်တော်က ပြန်လည်လွှတ်ပေးရန် စီစဉ်ထားရှိကာ ယခုနေရာ၌ ယာယီထိန်းသိမ်းထားခြင်းဖြစ်‌ကြောင်း သိရသည်။

နိုင်ငံတစ်ဝန်း စစ်ရှုံးနေသော အကြမ်းဖက် စစ်ကောင်စီသည် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဈေးများ၊ ဘာသာရေးအဆောက်အုံများ၊ လမ်းတံတားများ၊ စစ်ဘေးရှောင်စခန်းများ နှင့် လူနေထူထပ် သောနေရာများ စသည့် ပြည်သူကိုမှတ်ထား တိုက်ခိုက်သည့်လုပ်ရပ်များကို တရားလက်လွတ် ပြုလုပ်နေပြီး စစ်ရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှ ကျူးလွန်လျက်ရှိသည်ဟုလည်း AA ၏ ထုတ်ပြန်ချက်တွင်ထည့်သွင်း ဖော်ပြထားသည်။

စစ်ကောင်စီ သည် ၂၀၂၅ ခုနှစ် အစောပိုင်းကာလမှစ၍ ဤကဲ့သို့သော အကြမ်းဖက်တိုက်ခိုက်မှုများကို ခပ်စိပ်စိပ်ပိုမိုပြုလုပ်လာသောကြောင့် လေကြောင်းရန် နှင့် လေကြောင်း အန္တရာယ်ကို ယခင်ထက် ပိုမိုသတိထားကြရန်၊ အင်တာနက်၊ ဖုန်းသုံးစွဲမှုများကို သတိထားသုံးစွဲကြရန် AA ကသတိပေး တိုက်တွန်းထားသည်။

ဓာတ်ပုံ-AA Info Desk
ပုံစာ- မြောက်ဦးမြို့နယ်၊ ရမ်းချောင်းအနီးတဝိုက်ရှိ စစ်ကောင်စီ စစ်သုံ့ပန်းမိသားစုဝင်များ ထားရှိရာ နေရာကို စစ်ကောင်စီဗုံးကြဲ၍ သေဆုံးဒဏဏ်ရာရသူများကိုတွေ့ရစဉ်
#မြောက်ဦး #စစ်ကောင်စီ #စစ်သုံ့ပန်း #ဗုံးထိမှန် #သေဆုံး #Ayeyarwaddy_Times