ဧရာဝတီတိုင်းမ်
(ရေး)၊ ဇန်နဝါရီ ၁၈ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး-မော်လမြိုင် အမှတ်(၈) လမ်းမကြီး တစ်နေရာတွင် ယမန်နေ့ ဇန်နဝါရီ ၁၆ ရက်နေ့က ရေးဘီလူးအဖွဲ့မှ လမ်းလုံခြုံရေးအတွက် စစ်ဆေးရေးပြုလုပ်နေစဉ် မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီးတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိခဲ့သည်မှာ တပ်ကြပ်ကြီးဆန်းဦးဆိုသူဖြစ်ပြီး လမိုင်းမြို့ မှ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး လမ်း‌စစ်ဆေးရေးပြုလုပ်နေစဉ် ကားဖြင့်ဖြတ်သန်းသွားစဉ် စစ်ဆေးရမိခဲ့ခြင်းဖြစ်ပြီး ယခုအခါ ရေးဘီလူးအဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

“သူက အရပ်ဘက်ဆိုင်ရာဝန်ထမ်းဖြစ်တဲ့ အတွက်ကြောင့် တအားကြီးပြစ်မှု အကြီးမားကြီး ဆောင်ရွက်လို့မရဘူး။ တချို့ဝန်ထမ်းတွေကကျတော့ ငွေရေးကြေးရေးကြောင့် လုပ်ဆောင်နေတာ ရှိသလို တချို့တွေက မဖြစ်မနေလုပ်ဆောင်ရတဲ့အပိုင်းတွေလည်းရှိတယ်။ ကျွန်တော်တို့အနေနဲ့ ကြည့်မယ်ဆိုရင်တော့ စကစ(စစ်ကောင်စီ) ယန္တရားတွေမှာပါဝင်နေတဲ့ လူတွေဆိုလို့ရှိရင် အပြစ်တခုအနေနဲ့ လည်ပတ်နေတယ်လို့ပဲ မြင်တယ်ဗျ” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ မီးသတ်တပ်ကြပ်ကြီး အနေဖြင့် CDM ပြုလုပ်မည်ဆိုပါက ၎င်းအားအပြစ်ပေး အရေးယူခြင်းမပြုဘဲ CDM ပြုလုပ်ခြင်းမရှိပါက သက်ဆိုင်သည့်အပြစ်ပေး အရေးယူခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ရေးဘီလူးအဖွဲ့သည် စစ်ကောင်စီတပ်ရင်းများဖြစ်သည့် ခမရ-၅၈၆၊ ခမရ-၅၈၇၊ ခမရ-၃၄၃ တပ်ရင်းများအနီးတွင် လမ်းစစ်ဆေးရေးများပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ပထမပတ်ဝန်းကျင်က ရေးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ ရာထူးကြီး အရာရှိတစ်ဦးကို ရေးဘီလူးအဖွဲ့က တိုက်ခိုက်ခဲ့သော်လည်း လူကိုလက်ရဖမ်းဆီးနိုင်ခြင်းမရှိဘဲ ၎င်းထံမှ သေနတ်၊ ကျည်ဆံအချို့ နှင့် ဆက်စပ်ပစ္စည်းများသာ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ပေးပို့
#ရေး #ရေးမော်လမြိုင်ကားလမ်း #စစ်ကောင်စီ #မီးသတ်တပ်ကြပ်ကြီး #ဖမ်းဆီးရမိ #ရေးဘီလူး #Ayeyarwaddy_Times