ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဇန်နဝါရီ ၁၉ ရက်)

သွေးဖိအားတိုင်းတာခြင်းကို မြန်မာတွေက “သွေးပေါင်ချိန်ခြင်း” ဟု သိထားကြပြီး သွေးတိုးရှိသူများ အနေဖြင့် နေ့စဉ်သွေးပေါင် ချိန်သင့်ပါသည်။

သွေးပေါက်ချိန်စက်များကို အလွယ်တကူဝယ်ယူရရှိနိုင်ပြီး မြန်မာနိုင်ငံတွင်ပြဒါးတိုင်ပါဝင်သည့် သွေးပေါင်ချိန် တိုင်းစက်၊ ဒိုင်ခွက်သွေးပေါင်ချိန်တိုင်းစက်၊ ဒီဂျစ်တယ်‌သွေးပေါင်ချိန်တိုင်းစက်၊ ဆေးရုံသုံးသွေးပေါင်ချိန်တိုင်းစက်များအထိ တွင်တွင်ကျယ်ကျယ် သုံးကြပါသည်။

သွေးတိုးရောဂါရှိသူများအနေဖြင့် သွေးပေါင်ချိန် တိုင်းတာပြီးမှတ်တမ်းယူသည့် အလေ့အကျင့်မျိုးကို နေ့စဉ်ပြုလုပ်ရမည်ဖြစ်ပြီး သို့မှသာ ဆေးဝါးပမာဏထိန်းညှိ သွေးတိုးရောဂါကိုထိန်းချုပ်နိုင်မည် ဖြစ်ပါသည်။

#သွေးပေါင်ချိန်တိုင်းတာခြင်း

သွေးပေါင်ချိန်တိုင်းတာသည့်အခါ ကိန်းဂဏန်းနှစ်ခုဖြင့်ပြသပါသည်။ Systolic pressure အပေါ်သွေး နှင့် Diastolic pressure အောက်သွေး ဟူ၍ သွေးဖိအား တန်ဖိုးနှစ်ခုကို millimeters of mercury (mmHg) သွေးဖိအားတိုင်းတာယူနစ်ဖြင့် ဖော်ပြပါသည်။

အပေါ်သွေးဆိုသည်မှာ နှလုံးခုန်လိုက်စဉ်တွင် နှလုံးအတွင်းမှညှစ်ထုတ်လိုက်သောသွေးများကြောင့် သွေးကြောအတွင်း အမြင့်ဆုံးတတ်သွားသည့် ဖိအားကိုခေါ်ပါသည်။ အောက်သွေး ဆိုသည်မှာ နှလုံးသား စက္ကန့်ပိုင်း အခုန်နားစဉ် သွေးကြောအတွင်း အနိမ့်ဆုံးကျဆင်းသွားသည့် ဖိအားကို ဆိုလိုသည်။

ဥပမာပြုရမည်ဆိုပါက သွေးပေါင်ချိန် ၁၂၀ / ၈၀ (120/80 mmHg ) ဆိုပါက နှလုံးတစ်ခါညှစ်ခြင်းကြောင့် သွေးကြောအတွင်းတွန်းအားများသွားပြီး အပေါ်သွေးဖိအား ၁၂၀ အထိ တက်သွားကာ နောက်ထပ် နှလုံးခုန်ချိန် မတိုင်မီတွင် အနိမ့်ဆုံးတင်းအားမှာ အောက်သွေး ဖိအား ၈၀ အထိ ကျဆင်းသွားသည်ဟု ဆိုလိုပါသည်။

သွေးပေါင်ချိန်တိုင်းတာခြင်းကို ခုံတွင်ထိုင်၍ဖြစ်စေ၊ ခုတင်ပေါ်၌ လဲလျောင်း ၍ဖြစ်စေ တိုင်းတာ နိုင်ပါသည်။

သွေးပေါင်ချိန်စက်ကို လူ၏နှလုံးသားနေရာနှင့် ရေပြင်ညီတစ်တန်းထဲထားကာ တိုင်းတာရပါမည်။ သွေးပေါင်ချိန်စက် ရာဘာလေအိတ်သည် တံတောင်ဆစ်အထက်နေရာ လက်မောင်းလုံးပတ်၏ သုံးပုံနှစ်ပုံကို ပက်ထားလျက် လက် မောင်းသွေးကြောအ‌ပေါ်ယံကို အပြည့်အဝအုပ်မိုးနေရပါမည်။

သွေးပေါင်တိုင်းသည့်အခါ လှုပ်ရှားခြင်း မပြုလုပ်ရပါ။ အနည်းဆုံး ၅ မိနစ်အနားယူထားရပါမည်။ လေ့ကျင့်ခန်းလုပ်ပြီးခါစအချိန်၊ ကော်ဖီသောက်ထားချိန်၊ ဆေးရွက်ကြီးနှင့် ကွမ်းယာစားထားချိန် များတွင် အဖြေလွဲနိုင်ပါသည်။

သွေးပေါင်တိုင်းရာတွင် ပထမဆုံး အကြိမ်တိုင်းတာပြီး နောက်ခဏအကြာတွင် ပြန်လည်တိုင်း ထားသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် လူအများစုသည် white coat hypertention ဟု ခေါ်သည့် ဆရာဝန်နှင့်တွေ့ဆုံရခြင်းကို စိတ်လှုပ်ရှားပြီး သွေးတိုးခြင်းများလည်းဖြစ်လေ့ဖြစ်ထရှိသောကြောင့် ဖြစ်ပါသည်။

#အကောင်းဆုံးသွေးပေါင်ချိန်နည်းလမ်း

အမှန်တကယ်သွေးတွင်းဖိအားသိလိုပါက လက်မောင်း၊ ပေါင်ခြံ၊ သွေးကြောများအတွင်းသို့ ဖိအား တိုင်းတာစက် ထည့်သွင်းတိုင်းတာသည့်နည်းလမ်းကသာ အမှန်တကယ် တိကျသည့် သွေးပေါင်ချိန် ကိုပြသပေးနိုင်ပါသည်။ ယင်းနည်းလမ်းကို အထူးကြပ်မတ်ကုသဆောင်များတွင်ပင် အသုံးပြုခြင်း မရှိသလောက် နည်းပါးသွားကြပြီး ဆေးပညာသု‌သေသနအလုပ်များ၌ တစ်ခါ တစ်ရံ အသုံးပြုသည်။

လူအများက လက်မောင်းသွေးကြော‌‌ပေါ်တွင် နားကြပ်ဖြင့်ထောက်ပြီး သွေး ပေါင်ချိန်ခြင်းကို နှစ်သက် ကြပြီး ဒီဂျစ်တယ် သွေးပေါင်ချိန်စက်ဖြင့် ချိန်ရခြင်းသည် မမှန်ဟု ယူဆကြသော်လည်း အားလုံး အတူတူပင် ဖြစ်ပါသည်။

သွေးကြောအတွင်းဖိအားကို ပြင်ပမှ ရော်ဘာလေအိတ်ဖိပြီး တွက်ချက်ယူခြင်း နည်းလမ်းဖြစ်ခြင်းကြောင့် အနီးစပ်ဆုံးသွေးပေါင်ချိန် ပေးနိုင်သည့်စွမ်းရည်ခြင်းက အတူတူဖြစ်၍ နှစ်မျိုးစလုံးအပေါ် ယုံယုံကြည်ကြည်အသုံးပြုနိုင်ပါသည်။

#သွေးဖိအားနှင့်နှလုံးသားသွေးကြောများ

သွေးပေါင်ချိန်သည် နှလုံးတစ်ခါခုံစဥ်ထွက်လာသည့် သွေးပမာဏ နှင့်သက်ဆိုင်ပါသည်။ နှလုံးသွေး ညှစ်သည့်ပမာဏနည်းလျှင် သွေးပေါင်ကျပြီး နှလုံးသွေးညှစ်ပမာဏများပါက သွေးတိုးလာနိုင်ပါသည်။ နှလုံးခုန်နှုန်း အ‌နှေးအမြန်သည်လည်း သွေးပေါင်ချိန်ကို ပြောင်းလဲစေပြီး နှလုံးခုန်နှုန်းမြန်လာသည့်အခါ သွေးတိုးလာပြီး နှလုံးခုန်နှုန်းနေသည့်အခါ သွေးပေါင်ချိန်ကျသည်ဟု အကြမ်းဖျင်း သတ်မှတ်နိုင်ပါသည်။

ခန္ဓာကိုယ်အနှံ့သွေးကြောများအခြေအနေက သွေးပေါင်ချိန်ကို အဓိကထိန်းပေးနေသည့် အရာဖြစ်ပြီး သွေးကြောများ ကျဥ်းနေပါက သွေးတိုးလာမည်ဖြစ်သည်။ သွေးတိုးထိန်ဆေးအများစုသည် ခန္ဓာကိုယ် အနှံ့ သွေးကြောများကို ကျယ်စေသည့် အာနိသင်ရှိပြီး သွေးပေါင်ချိန်ကိုကျစေသည်။

#သွေးပေါင်ချိန်အဖြေမှားစေနိုင်ခြင်း

သွေးပေါင်ချိန်ခံသူ၊ သွေးပေါင်ချိန်စက်၊ သွေးပေါင်ချိန်တိုင်းတာ‌ပေးသူ၊ သွေးပေါင်ချိန်သည့်နည်းလမ်း စသည့် အခြေအနေလေးခုကြောင့်လည်း သွေးပေါင်ချိန်အဖြေကို အမှားအယွင်းဖြစ်စေကြောင်း သတိပြုသင့်ပါသည်။

အသက်အရွယ်၊ လူမျိုး၊ အသားအရောင် ကိုလိုက်၍ သွေးပေါင်ချိန်တန်ဖိုးများမတူညီပါ။ ကလေးငယ် များတွင် သွေးပေါင်ချိန် 90/40 mmHg သည် သွေးပေါင်နည်းခြင်းမဟုတ်ဘဲ ပုံမှန်ဖြစ်နိုင်သလို သက်ကြီးရွယ်အိုများတွင် 90/40 mmHg သည် သွေးပေါင်ချိန်နည်းနေခြင်းဖြစ်သည်။

ပတ်ဝန်းကျင်အပူချိန်၊ အသက်ရှူနှုန်း၊ စိတ်ခံစားချက် အလိုက်သွေးပေါင်ချိန် အတက်အကျဖြစ်နိုင်ပြီး အရက်၊ ဆေးလိပ်၊ ဆေးရွက်ကြီး၊ ကွမ်းယာ စသည်တို့ကြောင့်လည်း သွေးတိုးနိုင်ပါသည်။ ထို့ပြင် အစာစားပြီးချိန်၊ လေ့ကျင့်ခန်းလုပ်ပြီးချိန်၊ ဆီးအိမ်တင်းပြီး ဆီးသွားချင်နေချိန်များတွင်လည်း သွေးတိုးတတ်ပါသည်။

ခွဲစိတ်ပြီးခါစလူနာများတွင်မူ နာကျင်ခြင်းကြောင့်လည်း သွေးတိုးတက်ပါသည်။ အဝတ်အစား ခပ်ကြပ်ကြပ် ဝတ်ဆင်သည့်အခါ၊ ပတ်ဝန်းကျင်မှဆူညံသံများကြားရသည့် အခါများတွင်လည်း စိတ်ရှုပ်ထွေးပြီး သွေးတိုးလာတတ်ပါသည်။

သွေးပေါင်ချိန်စက်များသည် အရွယ်အစားအမျိုးမျိုးရှိကြပြီး မွေးကင်းစကလေးကို တိုင်းတာရသည့် သွေးပေါင်ချိန်စက်နှင့် လူဝကြီးများကိုတိုင်းတာရသည့်သွေးပေါင်ချိန်စက် မတူညီနိုင်ပါ။ သွေးပေါင်ချိန် အတိုင်းခံမည့် လူလက်မောင်းလုံးပတ် သုံးပုံနှစ်ပုံကို သွေးပေါင်ချိန်စက်ရာဘာလေအိတ် ပတ်ထားနိုင် ရပါမည်။

မြန်မာနိုင်ငံတွင် ကလေးအငယ်အရွယ်အစား 4×13cm၊ ကလေးအကြီးနှင့် ပိန်ပိန်ပါပါး လူကြီးအရွယ်အစား 10×18cm၊ ပုံမှန် စံပြုအရွယ်အစား 12×26cm၊ ဝဝပြည့်ပြည့်လူကြီးအရွယ်အစား 12×40cm ဟူ၍ သွေးပေါင်ချိန်စက်အမျိုးအစားအရွယ် လေးမျိုးခန့်ရှိပြီး မိမိနှင့်သင့်တော်မည့် သွေးပေါင်ချိန်စက်ကို မှန်မှန်ကန်ကန် ရွေးချယ်ဝယ်ယူရပါမည်။

သွေးပေါင်ချိန်မည်ဆိုပါက သွေးပေါင်အချိန်ခံမည့်လူသည် ကောင်းမွန်စွာအနားယူထားပြီဖြစ်ရပါမည်။ အနွေးထည် အင်္ကျီအထူများဝတ်ဆင်ထားပါက ထည့်သွင်းပြီးတိုင်းတာခြင်းမပြုသင့်ပါ။ လက်မောင်းကို ဖော်ပြီး သွေးပေါင်ချိန်စက်ပတ်ကာ စနစ်တကျ တိုင်ထားသင့်ပါသည်။

ယခုဆောင်းပါးကို ဖတ်ရှုခြင်းဖြင့် မှန်မှန်ကန်ကန်သွေးပေါင်ချိန်တိုင်းတာခြင်းနည်းလမ်းကို သဘော ပေါက်ကြလိမ်ဟု ယူဆပြီး နောက်တစ်ပတ်တွင် မသန်စွမ်းများနှင့် ကျန်းမာရေးရပိုင်ခွင့် ဆောင်းပါး ကိုတင်ဆက်ပေးသွားမည် ဖြစ်ပါသည်။

ဧရာဝတီတိုင်မ်း မီဒီယာကိုစောင့်မျှော်အားပေးနေတဲ့ ပရိသတ်အားလုံးလည်း ကျန်းမာရွှင်လန်းကြပါစေ။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #သွေးပေါင်ချိန်တိုင်းကြရအောင် #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။)