ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၈ ရက်

ဧရာ၀တီတိုင်း၊ပုသိမ်မြို့နယ် ၊ ရွှေသောင်ယံမြို့ ၊ ဘောမိကျေးရွာအနီးတွင် ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက်မှ စတင်ကာ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဘောမိကျေးရွာအနီး ချောင်းဖျားတွင် ယမန်နေ့ နံနက်အစောပိုင်းမှ စတင်ကာ တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဘောမိရွာရဲ့ ချောင်းဖျားအထက်ပိုင်းကို တစ်ညလုံးလေယာဉ်နဲ့ဗုံးတွေကြဲချနေတာ။ အိမ်တွေလဲ မီးလောင်ပြီး လူတွေနဲ့လည်းအဆက်အသွယ်ပြတ်ကုန်ပြီ မကျီးဇင်ရွာဘက်မှာတုန်းကလည်း ဗုံးကြဲလို့သေတဲ့သူအများကြီးပဲ”ဟု စစ်ဘေးရှောင်ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ပြီးခဲ့သည့်ဇန်နဝါရီ ၉ ရက်နေ့က အာရက္ခတပ်တော် AA နှင့်ပူးပေါင်းတပ်များမှမကျီးဇင်ကျေးရွာရှိ စစ်ကောင်စီတပ်နှင့်ရဲစခန်းကို ဝင်ရာက်သိမ်းပိုက်ပြီးနောက် ဇန်နဝါရီ ၁၆ရက်နေ့အထိ တိုက်ပွဲများမရှိပဲ ငြိမ်သက်နေရာမှ ပြန်လည်ဖြစ်ပွားလာခြင်းဖြစ်ကြောင်း သိရသည်။

“ဟိုရက်တွေက ၀က်သေရွာဘက်နေ စစ်တပ်ကလက်နက်ကြီးတွေနဲ့ တစ်နေ့ကို သုံးလေးချက်ပစ်နေတာကလွဲလို့တစ်ဖက်က ပြန် ပစ်သံမကြားရဘူး။ ခုရက်ပိုင်းမှ ဟိုဘက်ဒီဘက်ပစ်တဲ့အသံတွေပြန်ကြားလာရတာ”ဟုသဘော့ကန်ကျေးရွာ ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

လက်ရှိတွင် သပေါ့ကန်ရွာ၊ သဲကုန်းရွာ၊ အုန်းချောင်းရွာနှင့် ရွှေသောင်ယံမြို့ပေါ်ရပ်ကွက်များသို့ စစ်ဘေးရှောင် အများအပြားထပ်မံရောက်ရှိနေကြောင်း သိရှိရပြီး စစ်ကောင်စီတပ်မှ ကမ်းခြေတစ်လျှောက်တွင် ကြည်းတပ်၊အမြောက်တပ်၊ စစ်သင်္ဘောများနှင့်ခံစစ်ပြင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ-ဘောမိကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေသည်ကို ဒေသခံတစ်ဦးမှ ရိုက်ကူးထားသည့်ပုံ
#ရွှေသောင်ယံမြို့ #ဘောမိကျေးရွာအနီးတွင် #တိုက်ပွဲဖြစ်ပွား #စစ်ကောင်စီ #ဗုံးကြဲ #Ayeyarwaddy_Times