ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၈ရက်

ဧရာဝတီတိုင်းအတွင်းရှိ ဘောမိကျေးရွာကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပြီး စစ်ကောင်စီ တပ်များ ရွှေသောင်ယံကမ်းခြေဘက်ထိ တပ်ဆုတ်ပြေးနေကြောင်း ဧရာ၀တီတိုင်း စစ်ရေးသတင်းရင်း မြစ်ထံက သိရသည်။

ယနေ့ ဇန်နဝါရီ ၁၈ရက်နေ့ နေ့လယ် ၂နာရီ ၃၀မိနစ်အချိန်က ဘောမိဘက်သို့ ပုသိမ်မှ လေယာဉ်များ တက်သွားပြီး ယမန်နေ့ကလည်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

“လေယာဉ်တွေတက်သွားတယ်။ ဘောမိကတော့စခန်းတွေ ကုန်သလောက်ရှိသွားပါပြီ” ဟု တော်လှန် ရေးတပ်ဖွဲ့များနှင့် နီးစပ်သည့် ဧရာ၀တီတိုင်းရှိ စစ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ရက်နေ့ကတည်းက ဘောမိကျေးရွာရှိ စစ်ကောင်စီတပ်များနှင့် AA တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး ဘောမိအထက်ပိုင်းကို AA က ထိန်းချုပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည့် ဘောမိရွာနှင့် မကျီးဇင်တို့ကို လေကြောင်းမှ ဗုံးအလုံးရေများစွာကြဲချတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်များ ရွှေသောင်ယံ မြို့နယ်ထဲအထိ တပ်ဆုတ်ပြေးကြကြောင်း သိရသည်။

ထို့နောက် ဘောမိမှ တပ်ဆုတ်ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဘောမိနှင့် ရွှေသောင်ယံ ကြားရှိ သပေါ့ကန်တွင်ကမ်းကပ်၍တက်လာကြကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ရက်နေ့ကမှ ဘောမိကို ဝက်သေ‌ေကျးရွာမှ တင့်ကား ၁၀စီးနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို အင်အားတိုးချဲ့ပို့ထားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်များတပ်ဆုတ်ပြေးလာသည့် ရွှေသောင်ယံသည် အနောက်တောင်တိုင်းစစ်ဌာန ချုပ်တည်ရှိရာ (နတခ) ပုသိမ်နှင့် မိုင်အနည်းငယ်သာကွာဝေးတော့ပြီး စစ်ကောင်စီက ကြည်း‌၊ ရေ၊ လေမှ အင်အားဖြည့်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ-အင်တာနက်(ပုံဟောင်း)

#ဧရာဝတီ #ဘောမိ #AA #ထိန်းချုပ် #စစ်ကောင်စီ #တပ်ဆုတ်ပြေး #Ayeyarwaddy_Times