
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၈ ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီနှင့် ပအိုဝ်း ပြည်သူ့စစ်အဖွဲ့ (PNO/PNA)တို့သည် လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းတို့အပြင် အင်အားရာနှင့်ချီ အသုံးပြု ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ဒေသတွင်း အဖွဲ့အစည်းများထံက သိရသည်။
ယင်းတိုက်ပွဲများသည် ဆီဆိုင်မြို့နယ်၊ အရှေ့ဘက်ခြမ်းနှင့် တောင်ဘက်ခြမ်းတို့တွင် နေ့စဉ်နီးပါး အဓိကဖြစ်ပွားနေပြီး ယခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီအတွင်း၌ပင် တိုက်ပွဲပေါင်း ၁၀ ကြိမ်ကျော်ရှိခဲ့ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) ထံက သိရသည်။
“ဆီဆိုင်မြို့ အရှေ့ခြမ်း၊ တောင်ဘက်ခြမ်းမှာ ဒီရက်ပိုင်း စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေက အင်အားအလုံးအရင်းနဲ့ ထိုးစစ်လုပ်နေတယ်။ တိုက်ပွဲတွေလည်း နေ့တိုင်းဖြစ်နေတယ်” ဟု PNLO အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်အောင်မန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် ဆီဆိုင်မြို့နယ်ရှိ နေရာတချို့ကို စစ်ကောင်စီနှင့် PNO/PNA ပြည်သူ့စစ်အဖွဲ့က ပြန်လည်ထိန်းချုပ်ထားပြီး ခန့်မှန်းအင်အား ၅၀၀ မှ ၇၀၀ ကြား အသုံးပြု ထိုးစစ်ဆင်၍ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်နေသဖြင့် အရပ်သား ထိခိုက်သေဆုံးမှုများ ရှိနေကြောင်း သိရသည်။
ယခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ဒုတိယအပတ်ထိ ဆီဆိုင်၊ ပင်လောင်း၊ မောက်မယ်နှင့် ဖယ်ခုံ စသည့်မြို့နယ်များတွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား မြေပြင်ထိတွေ့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး စစ်ဘေးရှောင်များ ပိုမိုများပြားလာကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး (PYO)ထံက သိရသည်။
”စစ်ကောင်စီဘက်ကတော့ PNO ပြည်သူ့စစ် အင်အားကို အဓိကထား အသုံးချတယ်။ နှစ်ဖက်ထိခိုက် သေဆုံးမှုကတော့ ကျွန်တော်ဆီကို စာရင်းအတိအကျ ရောက်မလာသေးဘူး။ တိုက်ပွဲဖြစ်တယ်ဆိုတော့ အထိအခိုက်တွေ ရှိနိုင်ပါတယ်” ဟု PNLO အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်အောင်မန်းက ဆိုသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်ကလည်း ဆီဆိုင်မြို့နယ်၊ နောင်ထောဝ်ကျေးရွာကို ဂျက်ဖိုက်တာတစ်စီးဖြင့် နှစ်ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်သောကြောင့် ယင်းကျေးရွာရှိ ရဲစခန်းနှင့် ဓမ္မာရုံတခု ထိခိုက်ပျက်စီးခဲ့ကြောင်း PNLO/PNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့အတူ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းသည် ဇန်နဝါရီ ၁၂ ရက်ကလည်း ဆီဆိုင်မြို့နယ်၊ ထီစုံကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာသဖြင့် ၎င်းတို့တပ်ဖွဲ့နှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ စစ်ကြောင်းမှုနှင့် နှစ်ဖက်သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ စစ်ကြောင်းမှူး ၁ ဦးအပါအဝင် ၂၀ ဦးထက်မနည်း ကျဆုံးခဲ့ပြီး PNLA တပ်ဖွဲ့ဘက်မှ ရဲဘော် တစ် ဦးကျဆုံးကာ ငါး ဦးဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးခံခဲ့ရသည့် ရဲဘော်များကို ဇန်နဝါရီ ၁၃ ရက်တွင် PNO ပြည်သူ့စစ်က နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – PNLO/PNLA
#ဆီဆိုင်မြို့ #တိုက်ပွဲများဖြစ်ပွား #စစ်ကောင်စီ #အင်အားရာချီ #ထိုးစစ်ဆင် #Ayeyarwaddy_Times