ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၈ ရက်

ယခု ၂၀၂၅ ခုနှစ်စတွင် ငြိမ်နေသော နိုင်ငံခြားငွေဈေးနှင့် ပြည်တွင်းအခေါက်ရွှေဈေးသည် ဇန်နဝါရီ ဒုတိယပတ်မှ စတင်လှုပ်ခတ်လာရာ တတိယပတ်တွင် အတက်၊အကျလှုပ်ခတ်မှု ပိုများကြောင်း ဈေးကွက်အတွင်းက စုံစမ်းသိရသည်။

နိုင်ငံခြားငွေလဲလှယ်ဈေးနှုန်းအပါအဝင် ပြည်တွင်းရွှေဈေးနှင့် စက်သုံးဆီ ဈေးနှုန်းများသည့် တစ်နှစ်အတွင်းမြင့်တက်မှုပိုများလာပြီး ထပ်မံမြင့်တက်နိုင်မည့် အခြေအနေများရှိကြောင်း နိုင်ငံခြားငွေလဲစျေးကွက် ကျွမ်းကျင်သူများထံက သိရသည်။

လက်ရှိနိုင်ငံခြားငွေလဲလှယ်နှုန်းထားတွင် ယနေ့ ဇန်နဝါရီ ၁၈ ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာ ၄၆၂၀ ကျပ်ရှိပြီး ယမန်နှစ် ၂၀၂၄ ခုနှစ် ဇန်နဝါရီက တစ်ဒေါ်လာလျှင် ၃၄၇၀ ကျပ်သာရှိရာ တစ်နှစ်အတွင်း ကျပ်တစ်ထောင်‌ ကျော်ဈေးမြင့်တက်လာခြင်း ဖြစ်သည်။

“ အခုနှစ်ကုန်ပိုင်းတစ်လျှောက်လုံးဈေးကွက်ငြိမ်နေတယ်။ လာမည့်နှစ်စပိုင်းကနေ ဈေးကွက် အပြောင်းအလဲဖြစ်မယ်။ ဈေးအတက်၊ အကျကြမ်းမယ်လို့ခန့်မှန်းထားတယ်။ အမေရိကန်သမ္မထရန့်တက်တော့ ဒေါ်လာ ဈေးဆွဲတင်မှာ၊ ဒေါ်လာ ဈေးတက်လိုက် ရွှေဈေးလိုက်တက်ဖြစ်မယ် ” နိုင်ငံခြားငွေလဲဈေးကွက် ကျွမ်းကျင်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထိုင်းနိုင်ငံဘတ်ဈေးသည် ၂၀၂၅ ခုနစ် ဇန်ဝါရီလတွင် ထိုင်းတစ်ဘတ်လျှင် ၁၃၃ ကျပ်ရှိပြီး ယမန်နှစ် ၂၀၂၄ ခုနှစ် ဇန်နဝါရီက ထိုင်းတစ်ဘတ်လျှင် ၉၉ ကျပ်ရှိရာမှ တစ်နှစ်အတွင်း ကျပ် ၃၀ ကျော် ဈေးမြင့်တက်လာခြင်းဖြစ်သည်။

ထို့ပြင်တရုတ်ယွမ်ဈေးသည် ၂၀၂၅ ခုနစ် ဇန်နဝါရီလတွင် ၆၂၇ ကျပ်ရှိကာ ယခင်နှစ် ၂၀၂၄ ခုနှစ် ဇန်နဝါရီလက တစ်ယွမ်လျှင် ၄၇၅ ကျပ်ရှိသဖြင့် တစ်နှစ်အတွင်း ၁၅၂ ကျပ်ဈေးတက်သွားခြင်းဖြစ်သည်။

ပြည်တွင်းအကယ်ဒမီအခါက်ရွှေဈေးနှုန်းသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် တစ်ကျပ်သားလျှင် ကျပ် ၆၂ သိန်းမှ ၆၅ သိန်းကြားအတက်၊ အကျဖြစ်ပေါ်လျှက်ရှိကြောင်း ဈေးကွက်အတွင်းက စုံစမ်းသိရပြီး စစ်ကောင်စီသတ်မှတ်သော ရွှေဈေးနှုန်းသည် တစ်ကျပ်သားလျှင် ကျပ် ၅၃ သိန်းမှ ၅၄ သိန်းကြားရှိကြောင်းရှိကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်အရသိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် အကယ်ဒမီအခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၃၈ သိန်းရှိ၍ ရွှေစျေးမှာ တစ်နှစ်အတွင်း ကျပ် သိန်း ၂၀ ကျော်မြင့်တက်လာခြင်းဖြစ်ကြောင်း ရွှေဈေးကွက်အတွင်းက စုံစမ်းသိရသည်။

ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် ၂၀၂၅ ခုနှစ်တွင် ဇန်နဝါရီလတွင် အောက်တိန်း ၉၂ တစ်လီတာ ၃၀၇၅ ကျပ်ရှိပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် အောက်တိန်း ၉၂ တစ်လီတာ ၂၅၅၀ ကျပ်ဖြစ်၍ ငါးရာကျော် ဈေးတက်လာခြင်း ဖြစ်သည်။

” ဒေါ်လာထုတ်မရောင်းပေးရင် ဆီပြတ်မယ်။ ဆီဈေးတက်မယ်။ ဈေးက အကုန်အတက်မှာပဲ။ ကျတာနည်းတယ်။ တက်တာပိုများတယ်။ ဒီလိုပဲသွားမှာ သူတို့ ( စစ်တပ်အုပ်ချုပ်) ရှိနေသမျှ ဒီလိုပဲအကုန်ဈေးတက်နေတာ” ဟု ရန်ကုန်မြိုခံအိမ်ထောင်ရှင် အမျိုးသားတစ်ဦးက ပြောကြားသည်။

ထို့ပြင်လက်ရှိ အောက်တိန်း ၉၅ တစ်လီတာ ၃၁၆၀ ကျပ်ရှိပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် အောက်တိန်း ၉၅ တစ်လီတာ ၂၆၅၅ ကျပ်ရှိ ကြောင်းသိရသည်။

ယင်းပြင် ပရီမီယံဒီဇယ်တစ်လီတာဈေးသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီတွင် ၃၃၆၅ ကျပ်ဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီက ၂၄၉၀ ကျပ်ဖြစ်ကာ ယမန်နှစ်အတွင်း စက်သုံးဆီပြတ်လပ်မှု နှစ်ကြိမ်ခန့် ဖြစ်ပေါ်ခဲ့သည်။

,ယမန်နှစ် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၀၂၇ စစ်ဆင်ရေး မန္တလေးနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒုတိယစစ်ဆင်ရေးလှိုင်း ပြင်းထန်နေပြီး လားရှိုးမြို့သိမ်းတိုက်ပွဲကာလအတွင်း နိုင်ငံခြားငွေဈေးများ ယခုထပ် မြင့်တက်ခဲ့ပြီး အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၇၂၀၀ ထိရောက်ရှိခဲ့ကြောင်းတွေ့ရသည်။

#ယခုနှစ်ဇန်နဝါရီလ #၂၀၂၄ဇန်နဝါရီ #နိုင်ငံခြားငွေလဲဈေး #ပြည်တွင်းရွှေဈေး #စက်သုံးဆီဈေး #Ayeyarwaddy_Times