
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၈ ရက်
မလေးရှားနိုင်ငံ၊ ပါဟန်းပြည်နယ် နှင့် ဆလန်ဂေါပြည်နယ်တွင် သုံးရက်အတွင်း မြန်မာနိုင်ငံသားများအပါအဝင်အထောက်အထားမဲ့ နိုင်ငံခြားသား ၁၉၇ ဦး ဖမ်းဆီးခံရကြောင်း မလေးရှားရောက် မြန်မာနိုင်ငံသားများထံက သိရသည်။
ဖမ်းဆီးခံရသည့် နိုင်ငံခြားများသည် မလေးရှားနိုင်ငံတွင် တရားမဝင် လာရောက်နေထိုင်ပြီး အလုပ်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများဖြစ်သည်။
ဆလန်ဂေါပြည်နယ် ရှားလမ်းမြို့နှင့် ကာဂျမ်းမြို့တွင် အလုပ်လုပ်ကိုင်နေသည့်နေရာများတွင် ယမန်နေ့ ဇန်နဝါရီလ ၁၇ရက်နေ့တွင် မလေးရှား ရဲတပ်ဖွဲ့ နှင့် လူဝင်မှုကြီးကြပ်ရေးအဖွဲ့တို့က စစ်ဆေးစဥ် နိုင်ငံခြားသား ၇၆ ဦး ဖမ်းဆီးခံခဲ့ရသည်။
“နိုင်ငံခြားသားတွေများတဲ့နေရာဖြစ်လို့ အာဏာပိုင်တွေက ရှောင်တခင် စစ်ဆေးတာဖြစ်ပြီး အထောက်အထားအပြည့်စုံ မပြနိုင်တာကြောင့် ဖမ်းဆီးခံရတာဖြစ်ပါတယ်” ဟု မလေးရှားရောက်မြန်မာနိုင်ငံသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဖမ်းဆီးခံရသည့် နိုင်ငံခြားသားများသည် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ အင်ဒိုနီးရှား၊ ပါကစ္စတန် နှင့် အိန္ဒိယ စည့်နိုင်ငံသားများဖြစ်ကြောင်း သိရသည်။
အလားတူ ပါဟန်းပြည်နယ်၊ ကင်မရွန်ဟိုက်လန်းရှိ စိုက်ပျိုးရေးနယ်မြေတွင် ဇန်နဝါရီလ ၁၅ ရက် နှင့် ၁၆ ရက်နေ့တွင် မလေးရှားရဲတပ်ဖွဲ့၊ လူဝင်မူကြီးကြပ်ရေးအဖွဲ့၊ ဂျေပီဂျေ၊ ကာစတန်အဖွဲ့ နှင့် အဖွဲ့ပေါင်းစုံ ၁၀ ဖွဲ့တို့က လူနေထိုင်သည့်နေရာ၊ အဆောက်အဦး၊ စိုက်ခင်းများကို လမ်းများပိတ်ဆို့၍ စစ်ဆေးရာ အထောက်ထားမဲ့ နိုင်ငံခြားသား ၁၂၁ ဦး ဖမ်းဆီးခံရသည်။
“ကင်မရွန်ဟိုက်လန်းဘက်မှာ နှစ်ရက်ဆက်တိုက် အဖွဲ့ပေါင်းစုံနဲ့ လမ်းတွေပိတ်ဆို့ပြီး စစ်ဆေးတာပါ။ မလေးနိုင်ငံသားတွေကိုပါ စစ်ဆေးတယ်။ အဲမှာအထောက်ထားမပြနိုင်တဲ့ နိုင်ငံခြားသားတွေ ဖမ်းဆီးခံရတာဖြစ်တယ်” ဟု မလေးရှားရောက်မြန်မာနိုင်ငံသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဖမ်းခံရသူများသည် မြန်မာအမျိုးသား ရှစ်ဦး၊ အမျိုးသမီးခြောက်ဦး၊ ဘင်္ဂလားဒေ့ရှ်အမျိုးသား ၇၆ ဦး၊အိန္ဒိယအမျိုးသား နှစ်ဦး၊ပါကစ္စတန် လေးဦး၊ အင်ဒိုနီးရှားအမျိုးသား( ၁၈ )ဦး၊ အင်ဒိုနီးရှားအမျိုးသမီးလေးဦး၊ဗီနက်ယမ်အမျိုးသားတစ်ဦးနဲ့ နီပေါအမျိုးသား တစ်ဦးတို့ဖြစ်သည်။
မလေးရှားနိုင်ငံတွင် အခုရက်ပိုင်းအတွင်း အာဏာပိုင်အဖွဲ့များက နေရာအနှံ့တွင် ရှောင်တခင်ဝင်ရောက် ဖမ်းဆီးမှုများလာသည့်အတွက် မြန်မာနိုင်ငံသားများအပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသားများ နေ့စဥ်ဖမ်းဆီးခံနေရသည်။
#မလေးရှား #၃ရက်အတွင်း #မြန်မာနိုင်ငံသား #နိုင်ငံခြားသား #၂၀၀နီးပါး #ဖမ်းဆီးခံရ #Ayeyarwaddy_Times