
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၇ ရက်
နိုင်ငံတဝန်း စစ်ရှိန်မြှင့်လာချိန် စစ်ရှုံးစစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံနေသည့် NCA လက်မှတ်ရေးထိုး အပစ်ရပ်အဖွဲ့များက ယခု ၂၀၂၅ ခုနှစ်အတွင်း သက်ဆိုင်ရာ ပြည်နယ်များအလိုက် ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရေးနှင့် ဖက်ဒရယ်တပ်မတော်အတွက် ပြင်ဆင်ထားရန် ဆွေးနွေးလုပ်ဆောင်နေကြောင်း သိရသည်။
အဆိုပါ အပစ်ရပ်အဖွဲ့များဖြစ်သော တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့အစည်း ခုနစ် ဖွဲ့၏ မဟာမိတ်အဖွဲ့ – 7 EAO Alliance က ယခုရက်အတွင်း ပြုလုပ်ခဲ့သော ၎င်းတို့၏ လေးလတစ်ကြိမ် အစည်း အဝေးတွင် ထိုကိစ္စရပ်အား ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ယင်းအဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူထံက သိရသည်။
“ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲနိုင်အောင် စတင်ကြိုးပမ်း လုပ်ဆောင်ဖို့နဲ့ ဖယ်ဒရယ်တပ်မတော်အတွက် ဘယ်လိုလုပ်ဆောင်သင့်သလဲဆိုတဲ့ လုပ်ငန်းစဉ်တွေကို ကျွန်တော်တို့အနေနဲ့ စတင်ပြီးတော့ စဉ်းစားညှိနှိုင်း ပြင် ဆင်ထားဖို့ ဆွေးနွေးဖြစ်တယ်” ဟု – 7 EAO Alliance ၏ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထိုအတွက် EAO များအနေဖြင့် မိမိတို့အခြေချ နေထိုင်သော ပြည်နယ်များတွင် တခြားသော သက်ဆိုင်ရာ အင်အားစုများ၊ နိုင်ငံရေး အသိုင်းအဝိုင်းများနှင့် ညှိနှိုင်းတိုင်ပင်၍ ပြည်နယ်တစ်ပြည်နယ်၌ ရှိသင့်ရှိ ထိုက်သည့် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ယခုကတည်းက စတင်လုပ်ဆောင်သင့်ကြောင်း ၎င်းက ဆိုသည်။
အပစ်ရပ်အဖွဲ့များဖြစ်သော 7 EAO Alliance က ၎င်းတို့၏ အစည်းအဝေးတွင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနှင့် လူထုမှ နေ့စဥ်ရင်ဆိုင် ကြုံတွေ့နေရသော လူမှုဒုက္ခမျိုးစုံအား သုံးသပ်ခဲ့ကြကာ လက်ငင်းနိုင်ငံရေး အကြပ်အတည်းမှ လွန်မြောက်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းဆွေးနွေးမှုများထဲ ၂၀၂၅ ခုနှစ်အတွင်း ဖြစ်ပေါ်လာနိုင်မည့် နိုင်ငံရေးအခင်းအကျင်းနှင့်အညီ ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိရေး၊ သက်ဆိုင်သူများ အားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံ ဆွေး နွေးမှုများ ဖြစ်ပါ်လာစေရေး၊ ငြိမ်ချမ်းရေးလုပ်ငန်းစဥ် ဖော်ဆောင်ရေးတို့ ပါဝင်ကြောင်း သိရသည်။
ထို့အပြင် EAO များအတွင်း Coordination and Cooperation ပိုမိုရရှိလာစေရေးနှင့် ပြည်တွင်း နိုင်ငံရေးဘောင် ချဲ့ထွင်ရေး လုပ်ငန်းစဥ်အား တိုးမြှင့်ဆောင်ရွက်ရေးတို့ကိုလည်း ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့သည်ဟု 7 EAO Alliance အဖွဲ့က ထုတ်ပြန်ထားသည်။
ယခင်အပစ်ရပ်အဖွဲ့များဖြင့် စုဖွဲ့ထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)အဖွဲ့ဝင် အပစ်ရပ်ခုနစ်ဖွဲ့၏ မဟာမိတ်အဖွဲ့ (7 EAO Alliance)ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ မတ်လက နှစ်ရက်တာ အစည်းအဝေး ပြုလုပ်၍ အဓိကကျောရိုးသုံးခုဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
အဆိုပါ 7 EAO Alliance ကို ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA) စသည်တို့ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
သို့သော် စစ်ကောင်စီနှင့် တိုက်ပွဲများ ပြင်းထန်နေသည့် PNLO ၊ LDU နှင့် ABSDF တို့သည် အဆိုပါအဖွဲ့များတွင် ပါဝင်ခြင်းမရှိသလို ကိုယ်စားပြု တက်ရောက်နေသည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ကျာဆော်လမွန်နှင့် ရဲဘော်မျိုးဝင်း စသည်တို့ကိုလည်း သက်ဆိုင်ရာအဖွဲ့များက ထုတ်ပယ်ရှုတ်ချ ကန့်ကွက်ထားကြောင်း သိရသည်။
ဓာတ်ပုံ- 7 EAO Alliance
#စစ်ကောင်စီ #ထိတွေ့ဆက်ဆံ #အပစ်ရပ်အဖွဲ့များ #ယခုနှစ် #ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲရေး #ဖက်ဒရယ်တပ်မတော် #Ayeyarwaddy_Times