ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၇ရက်

တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပါတ်မြို့နှင့် ကာနန်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အသက် သုံးနှစ်အရွယ် ကလေးတစ်ဦးအပါဝင် ငါးဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရှိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၆ရက်နေ့ ည ၈နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ အရပ်သားများနေထိုင်သည့် ခမ်းပါတ်မြို့တွင် နှစ်ကြိမ်၊ ကာနန်ကျေးရွာတွင် တစ်ကြိမ် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

“စုစုပေါင်း သေဆုံးတဲ့လူ ငါးယောက်တော့ ရှိမယ်။ အခု ရှာဖွေရေးတွေပြုလုပ်နေသေးတာကြောင့် အသေးစိတ်မသိရသေးဘူး။ ကာနန်ရွာဘက်မှာ ကျောင်းထိုင်ဆရာတော်တစ်ပါး ဒဏ်ရာရတယ်” ဟု ခမ်းပါတ်မြို့ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လေကြောင်း ဗုံးကြဲတိုက်ခိုက်သည့်အတွက် ကာနန်ကျေးရွာမှ ကျောင်းထိုင်ဘုန်းကြီးတစ်ပါအဝင် ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိပြီး ၎င်းဒဏ်ရာရသည့် လူနာများထဲတွင် အသက်အန္တရာယ်စိုးရိမ်နေရသည့်လူနာများ ပါဝင်နေကြောင်း သိရှိရသည်။

ထို့အပြင် ခမ်းပါတ်မြို့ နှင့် ကာနန်ကျေးရွာမှ ဘုန်းကြီးကျောင်းတစ်ကျောင်းအပါအဝင် ပလဖရုံး၊ အရပ်သား လူနေအိမ် ၂၀ ထက်မနည်း ပျက်စီးသွားကြောင်း သိရသည်။

“အရပ်သားနေအိမ်တွေက အတော်များများပျက်စီးမှုများတယ်။ တမူးမြို့ထဲမှာဆို ပလဖရုံးအနီးတဝိုက် နေအိမ်အားလုံးနီးပါး ပျက်စီးသွားတယ်။ ကာနန်ရွာဘက်လည်း ဘုန်းကြီးကျောင်းရယ်၊ နေအိမ် ငါးလုံးရယ် ပျက်စီးသွားတယ်။ ဒီထက်လည်းပိုများဖို့ရှိတယ်” ဟု ခမ်းပါတ်မြို့ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့်၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်နေ့ကလည်း ခမ်းပါတ်မြို့၊ ကာနန်ရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည့်အတွက် ဘုရားကျောင်းတက်နေသည့် ကလေးအပါအဝင် အရပ်သား ၁၇ ဦးသေဆုံးခဲ့ပြီး ၁၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ခမ်းပါတ်မြို့သည် တော်လှန်ရေးတပ်ဖွဲ့များက ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားသည့် မြို့ဖြစ်သည်။

#ခမ်းပါတ်မြို့ #စစ်ကောင်စီ #လေကြောင်းဗုံးကြဲတိုက်ခိုက်# ကလေးငယ်တစ်ဦးအပါအဝင် #၅ဦးထက်မနည်းသေဆုံး #Ayeyarwaddy_Times