ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၇ ရက်

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်တွင် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ပြည်သူ့စစ်မှုထမ်းအကြောင်းပြ၍ ငွေတောင်းယူနေကြောင်း ဒေသခံများထံကသိရသည်။

စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှာ ဦးဖိုးညိုဖြစ်ပြီး မြန်အောင်မြို့နယ်၊ ညောင်မြစ်စွဲကျေးရွာအုပ်စု၊ ပြည်တော်သာ ရပ်ကွက်တွင်နေထိုင်ကြောင်း ဒေသခံများကပြောသည်။

“စစ်မှုထမ်းဖို့မဲနှိုက်ခိုင်းတယ်၊ တစ်ချ်ို့ကြတော့ မရှိ ရှိတာလေးတွေရောင်းချပေးကြရတယ်။ အုပ်ကြီးက သူ့သားကြတော့လည်း မဲမနှိုက်ခိုင်းဘူး၊ ချန်ထားတယ်။ ရပ်ကွက်က တစ်ချို့တော့ မဲပေါက်လို့ စစ်မှုထမ်းဖို့လိုက်သွားကြရတယ်”ဟု ညောင်မြစ်စွဲကျေးရွာအုပ်စုမှ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပြည်တော်သာရပ်ကွက်အတွင်း အိမ်ခြေ ၄၀ ကျော်ရှိသည့်အနက် ၁၃ အိမ်သာ မဲနှိုက်ခိုင်းပြီး ကျန်ရှိသည့်အိမ်များကို အချိုးကျငွေတောင်းယူကြောင်း ဒေသခံများကပြောသည်။

ပြည်တော်သာရပ်ကွက်ရှိ ဒေသခံအချို့မှာ ပြည်သူ့စစ်မှုထမ်း မထမ်းဆောင်ရရေးအတွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို ဖုန်း၊ ရေစုပ်စက်၊ မီးစက်များကို ပေါင်နှံရောင်းချကာ ပေးခဲ့ရကြောင်း ဒေသခံများကဆိုသည်။

စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအများစုမှာ ၎င်းတို့၏ သားသမီးများကို ပြည်သူ့စစ်မှုထမ်းဆောင်ခိုင်းရာ ချန်လှပ်ထားပြီး ၎င်းတ်ို့နှင့် ပြေလည်မှုမရှိသူ ငွေး​ကြေးမပြည့်စုံသည့် ဒေသခံလူငယ်များကိုသာ ပြည်သူ့စစ်မှုထမ်းဆောင်ရန် စုဆောင်းလျှက်ရှိသည်။

ဧရာဝတီတိုင်းတွင် စစ်ကောင်စီခန့် ရပ်ကွက်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးအများစုမှာ ၂၀၂၄ ခုနှစ် အောက်တိုဘာလက စတင်ပြီး ပြည်သူ့စစ်မှု‌ထမ်းအကြောင်းပြ ခြိမ်း‌ခြောက်၍ ငွေကြေးတောင်းယူမှုများကိုလည်း ယခင်ကထက် ပိုမိုလုပ်ဆောင်လာကြကြောင်း ဒေသခံများကပြောဆိုသည်။

ဧရာဝတီတိုင်းတွင် မြို့နယ်စုစုပေါင်း ၂၆ မြို့နယ်ရှိပြီး မြို့နယ်အလိုက် နည်းအမျိုးမျိုးဖြင့် ပြည်သူ့စစ်မှုထမ်းများကို စုဆောင်းလျှက်ရှိရာ သက်ဆိုင်ရာ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းသို့ ပို့ဆောင်ကာ သင်တန်းပြီးဆုံးက ‌ရှေ့တန်းသို့ပိုဆောင်လျှက်ရှိကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံကသိရသည်။

#မြန်အောင် #စစ်ကောင်စီခန့် #အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ #ပြည်သူ့စစ်မှုထမ်းအ​ #ကြောင်းပြ၍ #ငွေတောင်း
#Ayeyarwaddy_Times