
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၇ရက်
စစ်တွေမြို့နယ်၊ ဝါဘိုရွာရှိ စစ်ကောင်စီစခန်းကို AA က သိမ်းပိုက်ပြီး စစ်ကြောင်းဆက်ထိုးလာသည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် စစ်ကောင်စီက စစ်တွေမြို့အနီးတဝိုက်ကို ကြည်း၊ ရေ၊ လေ အင်အားသုံး ပစ်ခတ်နေကြောင်း သိရသည်။
ယနေ့ ဇန်နဝါရီ ၁၇ရက် နံနက် ၉နာရီ ၄၅မိနစ်ခန့်က စစ်တွေမြို့အခြေစိုက်တပ်ရင်းများနှင့် ရေတပ်မှ အတွဲလိုက်ဒုံး ၂၅လုံးပစ်ခတ်ခဲ့သည့်အတွက် ပုဏ္ဏားကျွန်းမြို့နယ် ဘောင်ဒူလာရွာထိမှန်ပြီး ထိခိုက်ပျက်စီးမှုများကြောင်း သိရသည်။
“ဝါဘိုဘက်မှာ အပြန်အလှန်ပစ်ခတ်မှုရှိတယ်လို့ သိထားပါတယ်။ စစ်တပ်က စစ်တွေဝင်ပေါက်မှန်သမျှကို လက်နက်ကြီးနဲ့ပစ် လေယာဉ်ပစ်ကူနဲ့ ဗုံးချနေတယ်။ ဒေသခံတွေလည်း စစ်ရှောင်နေကြပါတယ်” ဟု စစ်တွေဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ် ဘောင်ဒူလာရွာရှိ အိမ်မွေးနွားများထိမှန်သေဆုံးပြီး နေအိမ်များလည်း ပျက်စီးကုန်ကြောင်း သိရသည်။
ယမန်နေ့ ဇန်နဝါရီ ၁၆ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်ရှိ စပါးထားရွာကို လက်နက်ကြီးကျည်များအပြင် လေကြောင်းတိုက်ခိုက်မှုပါ စစ်ကောင်စီက ပြုလုပ်ခဲ့သည်။
AAတပ်ဖွဲ့များ အောင်ဇေယျ၊ ကန်ချောင်း၊ ကျွဲထိုးဘက်မှ စစ်ကြောင်းထိုးလာသည့်အတွက် လက်နက်ကြီးပစ်ကူနှင့် လေကြောင်းပစ်ကူဆက်တိုက်ပေးရန် စစ်ကောင်စီ ဝါဒဖြန့် ချန်နယ်များတွင် တောင်းဆိုထားသည်။
စစ်ကောင်စီက ၂ရက်ဆက်တိုက် စစ်တွေမြို့အခြေစိုက်တပ်စခန်းများမှနေ၍ စစ်တွေမြို့နယ်နှင့် နယ်ချင်းထိစပ်ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
#စစ်တွေ #စစ်ကောင်စီ #နေဗီ #တပ်ရင်း #အတွဲလိုက်ဒုံး #ပစ်ခတ် #Ayeyarwaddy_Times