
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၆ ရက်
ဧရာဝတီတိုင်းအတွင်း စစ်ရေးအရ စိုးရိမ်ဖွယ်ရာများရှိနေပြီး ဒေသခံများစစ်ဘေးရှောင် ပြောင်းရွှေ့ နေချိန်တွင် စစ်ကောင်စီ၏ ဆေးရုံရေယာဉ်များသည် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မြစ်ဝကျွန်းပေါ် ကျေးရွာများရှိ ဒေသခံများကို ဆေးကုသပေးရန် အကြောင်းပြ ထွက်ခွာသွားကြောင်းသိရသည်။
ရန်ကုန်တိုင်းမှနေ၍ စစ်ကောင်စီ၏ မြစ်အတွင်းသွား ဆေးရုံရေယာဉ် ရွှေပုဇွန်၊ စကုနှင့် သံလွင် ရေယာဉ်တို့သည် စစ်ကောင်စီနယ်လှည့်အထူးကုဆေးအဖွဲ့၊ ဆေးမှူးများ၊ သူနာပြုများ၊ သူနာပြု အရာရှိများ၊ သူနာပြုစစ်သည်များနှင့် သူနာပြုရဲမေများကိုခေါ်ဆောင်ကာပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်ပိုင်းက ထွက်ခွာသွားကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။
အဆိုပါရေယာဉ်သုံးစင်းသည် ရန်ကုန်တိုင်း ကိုကိုးကျွန်းမြို့နယ်နှင့် တနင်္သာရီတိုင်း၊ ကမ်းရိုးတန်း တစ်လျှောက်မှ မြို့နယ်၊ ကျေးရွာများအပါအဝင် ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့နယ်အတွင်းရှိ ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ရွှေသောင်ယံမြို့နယ် မကျီးဇင်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်း များကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားပြီး ရွှေသောင်ယံမြို့နယ်ရှိ ဒေသခံအများစုသည် စစ်ဘေးရှောင်ရန်နီးစပ်ရာမြို့နယ်များကို ရွှေ့ပြောင်းနေထိုင်ကြသိရသည်။
“အစိုးရဌာနတစ်ခုကနေ CDM လုပ်ထားပြီး ရွှေသောင်ယံမှာ အခြေချနေတဲ့ အစ်မတစ်ယောက်ဆို အခု မကျီးဇင်အသိမ်းခံရတော့ လေကြောင်းဗုံးကြဲခံရမှာစိုးတာနဲ့ စစ်ဖြစ်တော့မယ်ဆိုပြီး ပုသိမ်မြို့ ပေါ်က ဘုန်းကြီးကျောင်းမှာစစ်ဘေးရှောင်နေတယ် ” ဟု ဧရာ၀တီတိုင်းရှိ ဒေသခံတစ်ဦးက ပြောသည်။
ထို့ပြင် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင်လည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီ တပ်တို့တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။
ကမ်းရိုးတန်းဒေသရှိပြည်သူများက တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်၍ စစ်ဘေးရှောင်ချိန်တွင် စစ်ကောင်စီ ၏ စစ်ရေယာဉ်များက ဆေးကုသမှုပေးရန်ထွက်ခွာသွားသဖြင့် ကျန်းမာရေးစောင့်ရှောက်မှု အပြင် ဒေသဆိုင်ရာ စုံစမ်းစစ်ဆေးမှုများလည်း ပြုလုပ်နိုင်သည်ဟု သံသယရှိကြောင်း ဧရာ၀တီတိုင်း ဒေသခံ များက ဆိုသည်။
စစ်ကောင်စီရေတပ်သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းအနီးတွင် ရခိုင်ပြည်နယ်၊ မာန်အောင်မြို့မှထွက်ခွာလာကာ စစ်ဘေးရှောင်များရာနှင့်ချီပါဝင်သည့် သင်္ဘော တစ်စင်းကို ဖမ်းဆီးစစ်ဆေးပြီး တစ်ပတ်ကြာမှ ပြန်လည်သွားခွင့်ပြုကြောင်းသိရသည်။
စစ်ကောင်စီ၏ မြစ်အတွင်းသွား ဆေးရုံရေယာဉ် ( ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့သည် ၂၀၂၃ နိုဝင်ဘာ ၂၈ ရက်နေ့ကလည်း ဧရာဝတီတိုင်း၊ မအူပင်မြို့ရှိ ဒေသခံပြည်သူ ၅၀၀ ကျော်ကို ဆေးကုသမှုပေးခဲ့ကြောင်း စစ်ကောင်စီ၏ ဖော်ပြချက်များအရ သိရသည်။
ယခုအခါတွင် စစ်ကောင်စီ၏ ဆေးရုံရေယာဉ် ရွှေပုဇွန်နှင့် စကုတို့သည် ဧရာ၀တီတိုင်း၊ မအူမြို့နယ်၊ ထနီးကျေးရွာသို့ရောက်ရှိပြီး အဆိုပါ ကျေးရွာရှိ ဓမ္မရတနာဗိမာန်ဘုန်းကြီးကျောင်းတွင့် အခြေပြုကာ ဒေသခံ ၄၅၅ ဦးကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနခဲ့ကြောင်း ယနေ့ ဇန်နဝါရီ ၁၆ ရက်ထုတ် စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။
ဓာတ်ပုံ – MOI
#ဧရာဝတီတိုင်း #စစ်ကောင်စီစစ်ဆေးရုံရေယာဉ် #ဆေးကုသပေးရန် #အကြောင်းပြ #ဧရာဝတီတိုင်း #Ayeyarwaddy_Times