
ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဇန်နဝါရီ ၁၇ ရက်
ချင်းပြည်နယ်၊ မတူပီမြို့နယ်မှ အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်ပြည်နယ်ဘက်သို့ စစ်ရှောင်နေကြသော ဒေသခံတချို့သည် မိမိနေရပ်သို့ ပြန်နေကြပြီဟု သိရသည်။
မီဇိုးရမ်ပြည်နယ်ဘက်သို့ စစ်ရှောင်နေကြသော ချင်းတိုင်းရင်းသားအများစုထဲတွင် မတူပီဒေသခံများလည်း ပါဝင်နေပြီး မတူပီမြို့နယ်သို့ အသုတ်လိုက်ပြန်ကြကြောင်း သိရသည်။
” အချို့ကတော့ မိမိဒေသကို မိသားစုအလိုက်အပြီးပြန်ကြသလို အချို့ကတော့ မိမိနေအိမ်တွေ သန့်ရှင်းရေးလုပ်ဖို့နဲ့ နေရပ်ပြန်ဖို့ သင့်/မသင့်သွားရောက်လေ့လာသူတွေလည်းရှိပါတယ်။ ဒီမှာနေကြတဲ့ စစ်ရှောင်အများအစုကတော့ အရမ်းပြန်ချင်နေကြပြီပေါ့နော်။ မီဇိုးရမ်ပြည်နယ်မှာတော့ အသက်အန္တရာယ်နဲ့ ပတ်သက်ရင် လုံခြုံပေမယ့် မိသားစုစားဝတ်နေရေးအဆင်မပြေသူတွေ အရမ်းများတယ်။ အလုပ်အကိုင်လည်း ရှားပါတယ်။ အထင်သေးခံရတယ်။ ဒါကြောင့်မိမိဒေသမှာတော့ ပင်ပန်းပါစေ၊ ဆင်းရဲပါစေ၊ မိမိတတ်နိုင်သမျှ ရုန်းကန်ပြီး နေမယ်ဆိုရင်လည်း ရတယ်။ အခြေအနေကြည့်ပြီး ပြန်တဲ့သူတွေများရင် ကျမတို့လည်း ပြန်ဖို့ စိတ်ကူးထားပါတယ်” ဟု မီဇိုးရမ်ပြည်နယ်၊ လုံးလေမြို့သို့ စစ်ရှောင်နေသော မတူပီမြို့နယ်မှ ဒေသခံအမျိုးသမီး ဒေါ်ပွီးအီးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
မီဇိုးရမ်ပြည်နယ်မှ မတူပီမြို့နယ်သို့ ပြန်ကြသော စစ်ရှောင်အများစုသည် သက်ကြီးရွယ်အိုပိုင်းများဖြစ်ပြီး လာမည့် နွေရာသီကာလတွင် မိမိနေရပ်သို့ ပြန်ရန် စီစဥ်ထားသူများလည်းရှိကြောင်း သိရသည်။
မတူပီမြို့နယ်တွင် ချင်းလဲန်းအစိုးရလက်အောက်ခံ ကာကွယ်ရေးတပ်ဖွဲ့နှင့် ချင်းညီနောင်အကြား ပဋိပက္ခဖြစ်ပွားခြင်း၊ သား၊ သမီးများကို ကျောင်းထားရန် အဆင်မပြေခြင်း၊ ကျန်းမာရေးဆရာဝန်၊ သူနာပြုဆရာ၊ ဆရာမများမလုံလောက်ခြင်း၊ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် ကျန်မာရေးဆိုင်ရာဆေးဝါးများအပါအဝင် ကုန်စည်ပြတ်မှုတို့ကြောင့် ဒေသခံအများစု နေရပ်မပြန်နိုင်သေးကြောင်းသိရသည်။
ဓာတ်ပုံ-မတူပီမြို့(ပုံဟောင်း)
#မီဇိုးရမ် #စစ်ရှောင် #မတူပီမြို့နယ် #ဒေသခံတချို့ #နေရပ်ပြန် #Ayeyarwaddy_Times