တောင်တွင်းကြီးမြို့တွင် နှမ်းစိုက်တောင်သူများ နှမ်းဈေးကောင်းသော်လည်း စိုက်ပျိုးစရိတ် ကြီးမားလို့ အမြတ်မကျန်သလောက်ဖြစ်နေ

အိဏ်လင်းအိမ်/ဧရာဝတီတိုင်းမ်

(တောင်တွင်းကြီး)၊ ဩဂုတ်လ ၂၁ရက်

မကွေးတိုင်း ၊ တောင်တွင်းကြီးမြို့နယ် နှမ်းစိုက်ပျိုးသောဒေသအချို့တွင် မိုးရွာသွန်းမှုလျော့နည်း သော်လည်း ယမန်နှစ်ထက် ထွက်နှုန်းတိုးကြောင်း ‌နှမ်းစိုက်တောင်သူများထံမှ သိရသည်။

မိုးလည်ကာလ မုတ်သုံလေပြတ်လပ်မှုကြောင့် ဇူလိုင်လအတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှု သိသိသာသာလျော့နည်းသော်လည်း နှမ်းစိုက်သောဒေသအချို့တွင် ယမန်နှစ်ထက် နှမ်းများ ကောင်း၍ အထွက်တိုးလာကြောင်းနှမ်းစိုက်တောင်သူအချို့မှ ပြောသည်။

” ဒီနှစ်တော့ ပင်းနားပင့်ပြီး ရေလိုက်ရပေမယ့် ၃ယောက်စိုက်တစ်ဧကကို ၁၀တင်းနှုန်းထွက်တယ်။ မနှစ်က နှစ်ဧကခွဲမှ ၁၀တင်းပဲထွက်တာ။ မနှစ်ကထက် နှမ်းထွက်တိုးတာပါ ။ ရေလိုက်လို့မရတဲ့ အင်တိုင်း(မိုးမျှော်)အကွက်တွေ ကျတော့ နှမ်းကထင်သလောက် မထွက်ဘူးပေါ့”ဟု ဒေသခံ တောင်သူတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

နှမ်းဈေးနှုန်းမှာလည်း ယမန်နှစ် (၁) တင်း လေးသောင်းခွဲ-ငါးသောင်းကျပ်ကျော် မှ ယခု (၁) တင်း ရှစ်သောင်းကျပ်ကျော်ရရှိသော်လည်း နှမ်းစိုက်တောင်သူများအဖို့ နှမ်းဈေးနှုန်းမှာ ကျေနပ်ဖွယ် အခြေအနေရှိပေမယ့် စိုက်စားရိတ်နှင့်သွင်းအားစုစားရိတ်များ ကြီးမားခြင်းကြောင့် ထပ်မံ စိုက်ပျိုးမည့် သီးနှံအတွက် အခက်အခဲကြုံတွေ့နေရသည်ဟု သိရသည်။

“ဘဲစားဘဲကြေပဲပြောရမလား။ နှမ်းဈေးတော့ ကောင်းပါရဲ့ စိုက်ပျိုးစားရိတ်ကကြီးတော့ ကိုယ့်အတွက် ထင်သလောက် အမြတ်မကျန်ဘူး။နောက်သီးနှံရင်းဖို့တောင် အနိုင်နိုင်ဖြစ်နေတယ် “ဟု ဒေသခံတောင်သူတစ်ဦးက ပြောသည် ။

တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၁ ခုနှစ် နှမ်းစိုက်ကာလအတွင်း နှမ်းအထွက်နှုန်းထက် ယခုနှစ် ထွက်နှုန်းတိုးပြီး ဈေးကောင်းသော်လည်း စိုက်စားရိတ်ကြီးမားခြင်းကြောင့် အမြတ်မှာ ထင်သလောက်မကျန်ကြောင်း ‌နှမ်းစိုက်တောင်သူများထံမှ သိရှိရသည်။

#တောင်တွင်းကြီး #နှမ်း #အမြတ်မကျန်

#Ayeyarwaddy_Times