
မင်းတပ်မြို့တွင် စစ်ကောင်စီတပ်က ခရီးသည်ယာဉ်တစ်စီးကို ခရီးသည်တွေနှင့်အတူ ဖမ်းဆီးထား၊ ၅ ရက်ကြာသည်အထိ ပြန်မလွှတ်သေး
ဗွီအာတီ/ ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ ဩဂုတ် ၂၀ ရက်
ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် စစ်ကောင်စီတပ်က မင်းတပ်-ပခုက္ကူမြို့ဘက်သို့ ပြေးဆွဲနေသော ရွှေညောင်အေးခရီးသည်ယာဉ်လိုင်းမှ ခရီးသည်ယာဉ်တစ်စီးကို ခရီးသည်များနှင့်အတူ ဩဂုတ်လ ၁၇ ရက်နေ့က ဖမ်းဆီးထားပြီး ယနေ့အချိန်အထိ ပြန်မလွှတ်ပေးသေးကြောင်း ဒေသခံများထံမှ သိရသည်။
ခရီးသည်ယာဉ်လိုင်းကို ဖမ်းဆီးပြီးနောက် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ကို ပြန်လည်လွှတ်ပေးသော်လည်း ယာဉ်ပေါ်ပါခရီးသည်များကို ၅ ရက်ကြာသည်အထိ ပြန်လွှတ်ပေးခြင်းမရှိဘဲ မင်းတပ်မြို့ရှိ စစ်ကောင်စီတပ် ၂၇၄ တပ်ရင်းထဲတွင် ဖမ်းဆီးထားကြောင်း သိရသည်။
“ဩဂုတ်လ ၁၇ ရက်နေ့ကတဲ့က ရွှေညောင်အေးယာဉ်လိုင်းကို စစ်ကောင်စီတပ်က ဓားမြဆန်ဆန်ဖမ်းဆီးထားတာ။ ပြန်လွှတ်လာမယ်လို့ ထင်ပြီး စောင့်နေတာ။ အခုချိန် ပြန်မလွှတ်ပေးဘူး။ ဒီအကြောင်းကို ဘယ်သူမှ မပြောရဲကြဘူး။ ဒီလုပ်ရပ်က ဓားပြဆန်ဆန်လုပ်သွားတာဗျ” ဟုမင်းတပ်မြို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်က ခရီးသည်ယာဉ်တစ်စီးလျှင် ခရီးသည် ၇ ဦးပြည့်မှသာလျှင် ယာဉ်လိုင်းထွက်ခွာခွင့်ပြုထားပြီး ၎င်းတို့ သတ်မှတ်ထားသော လူဦးရေမပြည့်ပါက မင်းတပ်မြို့မှ ယာဉ်လိုင်းထွက်ခွာခွင့်မပြုကြောင်း သိရသည်။
လက်ရှိမင်းတပ်မြို့တွင် ခရီးသည်နည်းပါးမှုကြောင့် ခရီးသည်ယာဉ်လိုင်းများအနေဖြင့် ယာဉ်လိုင်ပြေးဆွဲရန် အခက်ကြုံနေရပြီး မြို့တွင်းသို့ ဝင်ရောက်လာသော ယာဉ်အဝင်/အထွက်လည်း နည်းပါးနေသည်ဟု ဒေသခံများကဆိုသည်။
ထို့ပြင် ဒေသကာကွယ်ရေးတပ် CDF-Mindat အား အလင်းဝင်ရန်အတွက် မြို့တွင်းတွင် စစ်ကောင်စီတပ်များက မကြာခဏစည်းရုံးမှုများလည်း လုပ်ဆောင်နေကြောင်းသိရသည်။
“စစ်ကောင်စီတပ်က ခရီးသည်ယာဉ်လိုင်းကို ဓားပြဆန်ဆန်ပြန်ပေးဆွဲထားတဲ့ ယာဉ်ပေါ်မှာ ပါသွားတဲ့ ခရီးသည်အရေအတွက်ကို အတိအကျမသိရှိရသေးဘူး။ ယာဉ်မောင်းကလည်း ကြောက်တဲ့အတွက် ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဖြေဆိုဖို့ ငြင်းဆန်ထားတယ်။
အခုရက်ပိုင်းမှာ ခရီးသည်တွေလည်း နည်းပါးတဲ့အတွက် ယာဉ်လိုင်းတွေက ပြေးဆွဲဖို့ ကြောက်ရွံ့နေကြတယ်။ စစ်ဘေးရှောင်နေကြတဲ့ မင်းတပ်ပြည်သူတွေကို မြို့ထဲမှာ ပြန်မလာရဲအောင် လုပ်ဆောင်တယ်လို့ပဲ သုံးသပ်တယ်။ မင်းတပ်မြို့တွင်းမှာ စစ်ကောင်စီတပ်တွေက ဒေသကာကွယ်ရေးတပ်တွေ အလင်းဝင်အောင် အမြဲစည်းရုံးတယ်။ မင်းတပ်ပြည်သူတွေကို
ဘယ်လောက်စည်းရုံးတယ်၊ ဘယ်လောက်ပူးပေါင်းပါဝင်ပေးကြောင်းကို အထက်ကို သတင်းမှားတင်ပြချင်တဲ့ သဘောလို့မြင်တယ်”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ် ပြောသည်။
စစ်ကောင်စီတပ်က မင်းတပ်ပြည်သူလူထုအပေါ် ဥပဒေမဲ့ဖမ်းဆီးနှိပ်စက်ခြင်း၊ မြို့တွင်းတွင် လုံခြုံရေးတင်းပိုမိုတင်းကြပ်ခြင်းတို့ကြောင့် လွတ်မြောက်ရာသို့ စစ်ဘေးရှောင်နေကြသော မင်းတပ်ပြည်သူ ၉၅၀၀ ခန့်မှာ တစ်နှစ်ကျော်ကြာသည်အထိ နေရပ်မပြန်နိုင်သေးကြောင်းသိရသည်။
#မင်းတပ် #စစ်ကောင်စီ #ခရီးသည်တင်ယာဥ် #ဖမ်းဆီး
#Ayeyarwaddy_Times