
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၆ ရက်
စစ်တပ်ခရိုနီ ဆရာကျောင်း ခေါ် ဦးအောင်ကိုဝင်း ပိုင်ဆိုင်သော ကမ္ဘောဇဘဏ်(KBZ)က အသေးစား ချေးငွေများ အပါအဝင်ခေါင်းစဉ် အမျိုးမျိုးဖြင့်ချေးငွေရယူထားသူ ၆၆ ဦးကို အကြွေးပြန်ဆပ်ရန်နှင့် သတ်မှတ်ရက် ၁၄ ရက်အတွင်းပြန်မဆက်ပါက ဥပဒေအတိုင်းတရားစွဲဆိုသွားမည်ဖြစ်ကြောင်း ယမန်နေ့ ဇန်နဝါရီ ၁၅ နေ့တွင် KBZ က ထုတ်ပြန်ထားသည်။
KBZ ဘဏ်သည် Quick Acess Loan (အမြန်ချေးငွေ) ၊ Personal Loan (ကိုယ်ပိုင်ချေးငွေ)၊ Shopper Loan (ဝယ်ယူရန်ချေးငွေ) ၊ Shopper Installment Loan (ဝယ်ယူရန်အရစ်ကျချေးငွေ) စသည့် ခေါင်းစဉ်အောက်များမှ ချေးငွေရယူထားသူ ၆၆ ဦး နာမည်နှင့် မှတ်ပုံတင်နံပါတ်များ အပါအဝင် အလုပ်အကိုင်များကိုထည့်သွင်းကာ စစ်ကောင်စီအာဘော် သတင်းစာမှတစ်ဆင့် ကြေညာချက် ထုတ်ထားသည်။
အဆိုပါ ၆၆ ဦးပေးဆောင်ရမည့် ချေးငွေအရင်း၊ အတိုးနှင့်ကျသင့်သည့်အဖိုးအခများကို ဇန်နဝါရီ ၁၅ မှစတင်ကာ ၁၄ ရက်အတွင်း နီးစပ်ရာဘဏ်ခွဲများတွင်ပေးဆောင်ရမည်ဖြစ်ကြောင်းပါဝင်သည်။
အဆိုပါလုပ်ငန်းများတွင် ကုန်စုံဆိုင်၊ ဆေးဆိုင်၊ အထည်ဆိုင်၊ အကင်ဆိုင်၊ စတိုးဆိုင်၊ ဖုန်းဆိုင်၊ ဆန်စက်၊ လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေး၊ မိတ္တူကူးဆိုင်၊ ဓာတ်ပုံနှင့် ဗွီဒီယိုရိုက်ကူးရေးလုပ်ငန်းများနှင့် ကုမ္ပဏီများက Quick Access ချေးငွေအများဆုံးယူကြောင်းသိရသည်။
ထို့ပြင် Quick Access Loan သည် ပမာဏ ကျပ် ၅ သိန်းမှ သိန်း ၅၀ ထိချေးငွေရယူနိုင်ပြီး ပြန်လည် ပေးဆပ်ရန်ပျက် ကွက်ပါက ချေးငွေပမာဏနှင့် အတိုးပေါ်တွင်နောက်ကျကြေး ၁၄ ဒသမ ၅ ရာခိုင်နှုန်း ကျခံရမည်ဖြစ်ကြောင်း ကမ္ဘောဇဘဏ်ထံက သိရသည်။
ထို့ပြင်ကျန်ရှိနေသူများကိုဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း KBZ က ကြေညာချက်ထုတ်သည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#KBZဘဏ် #အကြွေးတောင်း #ပြန်မဆပ်အရေးယူမည် #Ayeyarwaddy_Times