
ဧရာဝတီတိုင်းမ်
(ဒီးမော့ဆို)၊ ဇန်နဝါရီ ၁၆ ရက်
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင်းရှိ ဒေါဆိုခူ စစ်ရှောင်စခန်းကို စစ်ကောင်စီက ယမန်နေ့ ဇန်နဝါရီ ၁၅ ရက်၊ နေ့လယ် ၁ နာရီ ဝန်းကျင်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အမျိုးသမီး နှစ် ဦးနှင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားသည့် ဒေသများမဟုတ်သည့် စစ်ဘေးရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက် ခဲ့သည့်အတွက် စစ်ဘေးရှောင် သုံး ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ လေးဦးအနက် သုံး ဦးမှာ အသက် ၆၀ နှင့်အထက် ရှိသူများ ဖြစ်ကြောင်း သိရသည်။
“ဗုံးကြဲတိုက်ခိုက်မှုဟာ ဒုစစ်ခေါင်းဆောင်စိုး၀င်းလွိုင်ကော်ကိုရောက်နေတဲ့ အချိန်မှာ ပြည်သူလူထုကို စစ်ကောင်စီဘက်က အခုလိုဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ပြည်သူ နှစ်ဦးကတော့ ပွဲချင်းပြီးသေဆုံးတယ်။ နောက်တစ်ဦးကတော့ ဆေးကုသမှု ခံယူနေရင်းနဲ့ပဲ သေဆုံးသွား ရတာဖြစ်ပါတယ်” ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကရင်နီ(ကယား)ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းနားသို့ ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်း တက်ရောက်သည်ဟု သတင်းထွက်ပေါ်သည့် ရက်များတွင် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ ဆက် တိုက်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီက ယမန်နေ့တစ်နေ့ထဲအတွင်းပင် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ဘိုလျားကျေးရွာကိုလည်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး အဆိုပါရွာတွင်မူ အရပ်သားထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။
“စစ်ကောင်စီကတော့ ပြည်သူလူထုကို လေကြောင်းကနေ တိုက်ခိုက်ပြီးတော့ သတ်ဖြတ်နေတာကတော့ ပြည်သူလူထု ဘယ်လောက်ကိုပဲ သတ်ရသတ်ရ သူတို့ အာဏာ တည်မြဲဖို့ လုပ်မှာဆိုတာမျိုးတွေ့ရတယ်။ ကရင်နီက ပြည်သူလူထုတွေ အကုန်လုံးသေဆုံးသွားပါစေ၊ သတ်ဖြတ်ရပါစေ ။ သူတို့ အာဏာ တည်မြဲဖို့ ကို ဘာမဆို လုပ်ဆောင်သွားမယ့် သဘောမျိုးကိုတွေ့ရပါတယ်” ဟု တာအယ်စိုးက ဆက်လက် ပြောသည်။
စစ်ကောင်စီသည် ကရင်နီဒေသ၌ ယခုနှစ် နှစ်သစ်ကူး ညမှစတင်ကာ အရပ်သားများ နေထိုင်ရာနေရာများသို့ နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေပြီး ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ ရက်နေ့ကလည်း ဖယ်ခုံ၊ လအိကျေးရွာသို့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။
ဓာတ်ပုံ – ပေးပို့
#ဒီးမော့ဆို #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #စစ်ရှောင် #သေဆုံး #Ayeyarwaddy_Times