ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၆ ရက်

ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ် နယ်စပ်ဒေသဖြစ်သည့် ကျေးရွာများတွင် အနိုင်ကျင့်ခြိမ်းခြောက်မှုများ ပြုလုပ်သည့်အတွက် စစ်ကောင်စီတပ်ကို ကြောက်လန့်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

အာရက္ခတပ်တော် AA မှ ဂွမြို့ကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း ထိုးစစ်ဆင်နေချိန်ကစတင်ပြီး AA တပ်များ ဧရာဝတီတိုင်းအတွင်းသို့ ဝင်ရောက်လာမည်ကို စိုးရိမ်သည့် စစ်ကောင်စီတပ်က ရခိုင်-ဧရာဝတီ နယ်စပ်ဖြစ်သည့် ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ မကျီးဇင်ကျေးရွာနှင့် ကုလားချောင်းကျေးရွာတို့တွင် တပ်စွဲကာ ခံစစ်အနေအထားဖြင့် ပြင်ဆင်ထားခဲ့ကြောင်း သိရသည်။

ဂွမြို့ကို AA ကသိမ်းပိုက်ပြီးချိန်တွင် အဆိုပါ ကျေးရွာများမှ ဒေသခံအချို့မှ ပုသိမ်မြို့ပေါ်နှင့်သာပေါင်းမြို့ပေါ်များသို့ ပြောင်းရွေ့သွားခဲ့ပြီး တပ်စွဲထားသည့် စစ်ကောင်စီတပ်များမှာ ကျေးရွာများအတွင်းဝင်ရောက်စဥ် ဒေသခံများအပေါ် ရိုင်းစိုင်းစွာပြောဆိုခြင်း၊ လူနေခြင်းမရှိသည့်နေအိမ်များအတွင်း မွှေနှောက်ရှာဖွေခြင်း၊ ဒေသခံရွာသားများအပေါ် စစ်ဆေးမေးမြန်းချိန်တွင်လည်း တရားခံများကဲ့သို့ ပြုမူပြောဆိုခြင်းများလုပ်ဆောင်ခဲ့ကြောင်း ကုလားချောင်းကျေးရွာမှ ရှောင်တိမ်းလာသူတစ်ဦးကပြောသည်။

“စစ်တပ် ရွာထဲဝင်လာပြီဆိုတည်းက သေနတ်တကားကားနဲ့။ လူမရှိတဲ့အိမ်တွေဆိုတံခါးတွေရိုက်ချိုးပြီး ဝင်မွှေတာ။ လမ်းမှာတွေ့တဲ့သူတွေကိုလည်း စစ်လားဆေးလားနဲ့ တရားခံတွေလို ပတ်ရမ်းတော့တာပဲ။ ဒါကြောင့်လည်း ဘယ်သူမှမနေရဲကြတော့ဘူး။ ကြောက်လန့်ပြီးပြေးကြရတာ။ ပြေးတာတောင် လှေနဲ့ပြေးရင်ပိုနီးတယ်။ ရေတပ်ကတွေ့လို့ ပစ်လားခတ်လားလုပ်မှာကြောက်လို့ တောလမ်းကပဲ ခြေကျင်ပြေးခဲ့ရတာ။ မြို့ပေါ်ရောက်ဖို့ နှစ်ရက်ကြာတယ်”ဟု ကုလားချောင်းကျေးရွာမှ ရှောင်တိမ်းလာသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း အာရက္ခတပ်တော်-AA က ကျေးရွာအတွင်းပိတ်မိနေသည့် ဒေသခံများအား ကယ်ထုတ်ပေးခဲ့ကြောင်း ရှောင်တိမ်းလာသူများက ဆိုသည်။

“စစ်တပ်ဝင်လာပြီဆို သေနတ်သံကအစ အကျယ်ကြီးပဲ။ AA ကအဲ့လိုမဟုတ်ဘူး။ ရွာထဲမှာ သေနတ်သံတောင် အကျယ်ကြီးမဖောက်ဘူး။ ရွာထဲ ပိတ်မိနေတဲ့ဒေသခံတွေကိုလည်း ကယ်ထုတ်ပေးတယ်။ စစ်မေးလို့ အမှန်အတိုင်းဖြေရင် ဘာမှမလုပ်ဘူး။ စစ်တပ်ကတော့ အဲ့လိုမဟုတ်ဘူး”ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ပြီး မကျီးဇင်ကျေးရွာမှ ရှောင်တိမ်းလာသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုသည်။

လက်ရှိတွင် အဆိုပါကျေးရွာများမှာ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရ၍ ဆက်သွယ်ရေးခက်ခဲနေကြောင်း ဒေသခံများက ဆိုသည်။

“အရင်ကတည်းက ဖုန်းလိုင်းကောင်းကောင်းမမိဘူး။ ဖုန်းပြောလို့ရရုံပဲမိတာ။ ဂွကို AA ကသိမ်းလိုက်ပြီဆိုကတည်းက ဖုန်းဆက်မယ်ဆို တောင်ပေါ်တက်တက်ပြီးဆက်ရတယ်။ ဒါတောင်လိုင်းက မိတစ်ချက် မမိတစ်ချက်နဲ့”ဟု မကျီးဇင်ကျေးရွာမှ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်နေ့တွင် မကျီးဇင်ကျေးရွာရှိ စစ်စခန်းများကို AA ကသိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်သားအချို့ စခန်းစွန့်ခွာထွက်ပြေးမှုများရှိနေကြောင်း သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#ဧရာဝတီ #ရခိုင် #တိုက်ပွဲ #ဒေသခံ #စစ်ကောင်စီတပ် #AA #Ayeyarwaddy_Times