
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၆ ရက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူတွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။
ယနေ့ ဇန်နဝါရီ ၁၆ ရက်နေ့တွင် ကျောက်ဂူ၌ တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း DPLA ထံက သိရ သည်။
“ကျောက်ဂူမှာ စစ်ကောင်စီက အင်အားဖြည့်တင်းတာတွေကြောင့် တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်”ဟု ပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLA၏ သတင်းနှင့်ပြန်ကြားရေးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်ပိုင်းကလည်း ကျောက်ဂူတွင် ၂ နာရီကြာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားနေအိမ်များထိခိုက်ပျက်စီးကာ ထိခိုက်ဒဏ်ရာ ရရှိသူများလည်းရှိကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ခဲကြားရွာ၊ ဖက်ရင်းကုန်းရွာများသို့ ကျရောက်ပေါက်ကွဲသဖြင့် နေအိမ်များ ထိခိုက်ပျက်စီးမှုရှိကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျောက်ဂူ အမတ ၃၄၉ အမြောက် တပ်ဘက်သို့ တော်လှန်ရေးတပ်ဖွဲ့များ မကပ်နိုင်စေရေးအတွက် ကျောက်ဂူဘက်မှ ကာပစ်ရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး လေးရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ခန့်သေဆုံးသွားကြောင်း တပ်သတင်းရင်းမြစ်ထံက သိရသည်။
ဓာတ်ပုံ-DPLA
#ရှမ်းတောင် #ရပ်စောက် #ကျောက်ဂူ #ဓနုတပ် #DPLA #စစ်ကောင်စီတပ် #တိုက်ပွဲပြင်းထန် #Ayeyarwaddy_Times