
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၅ ရက်
ထိုင်းအစိုးရက ခရီးသွားလုပ်ငန်းကို မြှင့်တင်နိုင်ရန်ရည်ရွယ်ပြီး လောင်းကစားရုံများနှင့် အွန်လိုင်း လောင်းကစားလုပ်ငန်းများကို တရားဝင်လုပ်ကိုင်ခွင့်ပြုမည့် ဥပဒေမူကြမ်းကို အတည်ပြုခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
ထိုင်းအစိုးရအဖွဲ့ဝင်များမှ ဖျော် ဖြေရေးဆိုင်ရာအဆောက်အအုံများ နှငိ့ ၎င်းတို့ထဲတွင် ကာစီနိုကဲ့သို့ လောင်းကစားလုပ်ငန်းများ ပြုလုပ်ခွင့် ပေးရန် နှင့် အွန်လိုင်းလောင်းကစားကို တရားဝင်ဖြစ်စေရန် လောင်းကစားနှင့် ဆက်နွှယ်သည့် ပြဿနာများကို စီမံခန့်ခွဲသည့် ဥပဒေမူကြမ်း ကို ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်နေ့က အတည်ပြုခဲ့ ကြောင်း သိရသည်။
“ရည်ရွယ်ချက်ကတော့ မြေအောက် လောင်းကစား လုပ်ငန်းတွေကို ထိန်းညှိပြီး ဥပဒေဘောင်ထဲကို သွင်းပြီး မှန်ကန်တဲ့ အခွန်ကောက်ခံမှု ရရှိစေဖို့ဖြစ်ပါတယ်” ဟု ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးရာ (DES) ဝန်ကြီး Prasert Jantararuangtong က ပြောသည်။
နိုင်ငံတော်၀င်ငွေ တိုးမြင့်လာစေရန်နှင့် မြေအောက်စီးပွားရေးများကို တရားဝင်ဖြစ်စေရန်မှာ အစိုးရ၏ မူဝါဒတစ်ရပ်ဖြစ်သည့်အတွက် DES နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ လအတော်ကြာ ဆွေးနွေးခဲ့ ကြောင်းလည်း ဝန်ကြီး Prasert က ဆက်လက်ပြောကြားခဲ့သည်။
မြေပြင် လောင်းကစားရုံ၊ ကာစီနိုများကို ကုန်တိုက်များ၊ ဟိုတယ်များ၊ အားကစားကွင်းများနှင့် အစိုးရကခွင့်ပြုထားသည့် အဆောက်အအုံများတွင် ဖွင့်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အွန်လိုင်း လောင်းကစားနှင့် ပတ်သတ်၍လည်း အွန်လိုင်းဘောလုံးလောင်းကစားမှာ ထိုင်းလူမျိုး များကြားတွင် ရေပန်းစားနေပြီး ကြက်တိုက်ခြင်း၊ ဒစ်ဂျစ်တယ်နှင့်ဆိုင်သည့် လောင်းကစားများ အပါအဝင် ရိုးရာအားကစားကဲ့သို့ အွန်လိုင်းလောင်းကစားပုံစံများကိုလည်း ထည့်သွင်းစဉ်းစား သွားမည်ဖြစ်ကြောင်း သိရသည်။
စင်ကာပူနိုင်ငံတွင် ကာစီနိုရုံများဖွင့်လှစ်ခွင့်ပြုပြီးနောက် ခရီးသွားဝင်ရောက်မှု ပိုမိုအားကောင်း လာသည်ကို သတိထားမိပြီးယခုကဲ့သို့ လောင်းကစားလုပ်ငန်းများ တရာဝင်ပြုလုပ်နိုင်ရေး ဥပဒေ မူကြမ်းကို အတည်ပြုနိုင်ရေးအတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကို ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က ပြောဆိုခဲ့သည်။
ကိုးကား – Bangkok Post
#Ayeyarwaddy_Times