ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၅ ရက်

ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ပွဲ တိုက်ခိုက်နေစဉ် မြောက်ကိုရီးယားစစ်သား ၃၀၀ ခန့် သေဆုံး ပြီး ၂၇၀၀ ခန့် ဒဏ်ရာရခဲ့တယ်လို့ တောင်ကိုရီးယား လွှတ်တော်အမတ် လီဆောင်ကွမ်က ပြောပါတယ်။

“မြောက်ကိုရီးယားစစ်သားတွေ ရုရှားကို စေလွှတ်တာဟာ ကာတ်စ်ဒေသအထိ ရောက်လာခဲ့ပြီး သေကျေထိခိုက်သူအရေအတွက်ဟာ ၃၀၀၀ ကျော် သွားပြီ” လို့ တောင်ကိုရီးယား ထောက်လှမ်းရေးဌာန (NIS) ရဲ့ ရှင်းလင်းပွဲကို တက်ရောက်ပြီးနောက် ၎င်းက သတင်းထောက်တွေကို ပြောပါတယ်။

မြောက်ကိုရီးယားစစ်သားတွေဟာ ခေတ်သစ်စစ်ပွဲကို နားလည်မှုမရှိဘဲ ရုရှားတပ်ဖွဲ့ရဲ့ လူသား လှိုင်းအဖြစ် အသုံးချမှုကြောင့် သေကျေထိခိုက်မှု မြင့်မားတာလို့ NIS ရဲ့ လေ့လာဆန်းစစ်မှုက ဖော်ပြ ခဲ့တယ်လို့ သူက ဆိုပါတယ်။

လက်နက်နဲ့ ဂြိုဟ်တုအစီအစဉ်မှာ နည်းပညာအကူအညီပေးမှုကြောင့် အတုံ့အလှည့်အဖြစ် ရုရှား ရဲ့ ယူကရိန်းကျူးကျော်စစ်မှာ ကူတိုက်ပေးဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က တပ်ဖွဲ့ဝင် ၁၀၀၀၀ စေလွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားက ယခင် ပြောဆိုထားပါတယ်။

ယူကရိန်းက ဖမ်းဆီးမိထားတဲ့ မြောက်ကိုရီးယားစစ်သားနှစ်ဉီးဟာ တောင်ကိုရီးယားမှာ ဘက် ပြောင်းဖို့ သို့မဟုတ် အခြေချဖို့ မတောင်းဆိုခဲ့ဖူးလို့ NIS က ပြောပါတယ်။

၁၉၉၀ ပြည့်နှစ်တွေနောက်ပိုင်း စီးပွားရေးကြပ်တည်းမှုနဲ့ နိုင်ငံရေးဖိနှိပ်ခံရမှုကို ရှောင်ရှားဖို့ မြောက်ကိုရီးယားပြည်သူ ၃၄၀၀၀ ခန့်ဟာ တောင်ကိုရီးယားသို့ ဘက်ပြောင်းခဲ့ပါတယ်။

မြောက်ကိုရီးယားစစ်သားတွေ ခိုလှုံခွင့်တောင်းခံမှုဟာ အပြည်ပြည်ဆိုင်ရာဉပဒေ၊ သက်ဆိုင်ရာ တိုင်းပြည်နဲ့ ဆွေးနွေးမှုတွေ အပါအဝင် ဉပဒေဆိုင်ရာ ပြန်လည်သုံးသပ်မှုတွေ လိုအပ်မယ်လို့ တောင်ကို ရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ ကူဗြောင်ဆန်က ပြောပါတယ်။

မြောက်ကိုရီးယား အထူးတပ်ဖွဲ့ဝင်တွေကို အကျဉ်းသားအဖြစ် ဖမ်းဆီးမခံဘဲ ကိုယ့်ကိုယ်ကို သတ်သေဖို့ အမိန့်ပေးထားတယ်လို့ လီဆောင်ကွမ်က ပြောပါတယ်။

ကိုးကား – Aljazeera

#Ayeyarwaddy_Times