
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၅ ရက်
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ပဲကြီးဂိတ်တွင် ကားပေါ်မှ ဆွဲချဖမ်းဆီးခံရသည့် ခရီးသွား ပြည်သူ ခုနစ်ဦးသည် တစ်လကျော်ကြာသည့်တိုင် ယနေ့ ဇန်နဝါရီ ၁၅ ရက်နေ့အထိ မိသားစုနှင့် အဆက်အသွယ်မရသေးကြောင်း ဒေသခံများထံကသိရသည်။
အဆိုပါ ခရီးသွားပြည်သူ ခုနှစ်ဦးမှာ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ထုံးဘို-ဥသျှစ်ပင်ပြေဆွဲသည့် ရွှေမင်းသားကားပေါ်တွင် စီးနင်းလိုက်ပါလာခဲ့ပြီး ပဲကြီးဂိတ်တွင် စစ်ကောင်စီ တပ်က ကားပေါ်မှ ဆွဲချ၍ အဓမ္မဖမ်းဆီးခြင်း ဖြစ်ကြောင်း ဒေသခံမျာကဆိုသည်။
“ကားပေါ်ကနေ ဆွဲချပြီးပေါ်တာဆွဲခံရတာပါ၊ မနက်ပိုင်း ၉နာရီနဲ့ ၁၀ နာရီဝန်းကျင်လောက်မှာ စစ်တပ် ကလူတွေ အိမ်စီးကားတွေနဲ့ ရောက်လာပြီး ဆွဲသွားကြတာ။ ကားစပါယ်ယာသမားတစ်ဦးလည်း အဖမ်း ခံရတဲ့ အထဲပါသွားတယ်” ဟု ပဲကြီးဂိတ်နှင့်နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့ပြင် ပန်းတောင်းမြို့နယ်၊ ညောင်ဝိုင်းအုပ်စု၊ ကရင်ကုန်းကျေးရွာမှ လူငယ်လေးဦးအပြင် အခြား ကျေးရွာများမှ လူငယ် ခုနစ် ဦး စုစုပေါင်း လူငယ် ၁၁ ဦးမှာ ပြည်သူ့စစ်မှုထမ်းမဲပေါက်၍ တိမ်းရှောင် နေရကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်သည် အဆိုပါ လူငယ် ၁၁ ဦး ထွက်ပြေးတိမ်းရှောင်မှုကြောင့် ၎င်းတို့နေထိုင်ရာ ကျေးရွာ များကို မကြာခဏဝင်ရောက်ရှာဖွေနေပြီး ပန်တောင်းမြို့နယ်ရှိ ကျေးရွာအများစုမှာလည်း ပေါ်တာ ဆွဲမည်ကို စိုးရိမ်နေ၍ လူငယ်အများစုမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောကြားသည်။
စစ်ကောင်စီသည် စစ်မှုထမ်းရန် တပ်သားသစ်လိုအပ်လျှက်ရှိခြင်းကြောင့် အကြောင်းအမျိုးမျိုးပြကာ အဓမ္မဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်းများကြောင့် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းအပြင် အခြားတိုင်း များတွင်လည်း ည ၈ နာရီနောက်ပိုင်း အပြင်ထွက်သူ နည်းပါးသွားကြောင်းသိရသည်။
#ပန်းတောင်း #ပဲကြီးဂိတ် #ကားပေါ်မှဆွဲချ #ဖမ်းဆီးခံရ #ခရီးသွားပြည်သူ၇ဦး #မိသားစု #အဆက်သွယ်မရသေး #Ayeyarwaddy_Times