
ဧရာဝတီတိုင်းမ်
(လွိုင်ကော်)၊ ဇန်နဝါရီ ၁၅ ရက်
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် ကျင်းပမည့် (၇၃) နှစ်မြောက် ကရင်နီပြည်နယ် (ကယားပြည်နယ်)နေ့ အခမ်း အနားကို တက်ရောက်လာသည့် ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ကို ယမန်နေ့ည ဇန်နဝါရီ ၁၄ ရက်နေ့ ည ၇ နာရီဝန်းကျင်တွင် တော်လှန်ရေးတပ်ဖွဲ့များက ရှော့တိုက်ဒုံး ခုနစ် လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ ညစာစားပွဲကျင်းပနေသည့် ကရင်နီ(ကယား)ပြည်နယ်ခန်းမကို ၁၀၇-မမ ရှော့တိုက်ဒုံး ငါး လုံးပစ်ခတ်ခဲ့ပြီး တစ်ပြိုင်နက်တည်းမှာပင် စစ်ကောင်စီတပ်ဖွဲ့များ အခြေစိုက်ရာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) အတွင်းသို့လည်း ရှော့တိုက်ဒုံး နှစ် လုံး ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
“ပြည်နယ်ခန်းမကို ငါးလုံးပစ်ရာမှာ လေးလုံးကျတယ်။ ဒကစကို နှစ်လုံးပစ်တာ နှစ်လုံးစလုံးကျတယ်။ စိုးဝင်းနဲ့ သူ့လူတွေ ပြည်နယ်ခန်းမမှာစုဝေးနေချိန် ခန်းမကို တည့်တည့်ကျတာမို့ ထိခိုက်မှုများ နိုင်ပါတယ်” ဟု Brave Warriors for Myanmar (BWM) အဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် စစ်ကောင်စီတွင် နံပါတ် နှစ် နေရာတွင်ရှိနေသည့် ဒုတိယ စစ်ခေါင်းဆောင် တစ်ဦးဖြစ်ပြီး ၎င်းနှင့်အပေါင်းအပါများကို တိုက်ရိုက်တိုက်ခိုက်လိုသည့်အတွက် ခက်ခဲစွာတိုက်ခိုက်ခဲ့ရပြီး ခက်ခဲစွာဖြင့် အချိန်ယူ ပြန်လည်ဆုတ်ခွာလာခဲ့ရကြောင်း သိရသည်။
ဒုစစ်ခေါင်းဆောင် စိုးဝင်းနှင့်အဖွဲ့သည် ကရင်နီ(ကယား)ပြည်နယ် နေ့အခမ်းအနားတက် ရောက်ရန် လွိုင်ကော်သို့ တိတ် ဆိတ်စွာလာရောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့လက်အောက်ခံ ပြန်ကြားရေးဌာန၏ မီဒီယာများတွင်ပင် သတင်းထုတ်ပြန်ခြင်းမပြုခဲ့ပေ။
“စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမှာ စိုးဝင်းလိုခေါင်းဆောင်တောင် အသက်အန္တရာယ်မလုံခြုံတော့ဘူး။ တော်လှန် ရေးအင်အားစုတွေရဲ့လက်ချက်နဲ့ အချိန်မရွေး သေနိုင်တဲ့အခြေအနေမှာ သာမန်တပ်ဖွဲ့ဝင် တွေကတော့ အလွယ်လေးသေနိုင်နေပြီဆိုတာပြချင်တာရယ်၊ စကစ(စစ်ကောင်စီ) ခေါင်းဆောင်တွေ ဟာ ဘယ်မှာမှ မလုံခြုံစေရတော့ဘူးဆိုတဲ့အခြေအနေမျိုးကို ပြချင်တာရယ်ကြောင့် ပစ်တာပါ” ဟု BWM အဖွဲ့၏ ပြန်ကြားရေးတာဝန်ရှိသူက ဆက်လက် ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF)၊ (Anti-Coup People’s Liberation Force – ACPLF) အဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ဓာတ်ပုံ – ပေးပို့
#လွိုင်ကော် #ဒုစစ်ခေါင်းဆောင်စိုးဝင်း #ကယားပြည်နယ်နေ့ #အခမ်းအနားကျင်းပ #Ayeyarwaddy_Times