ဧရာဝတီတိုင်းမ်
(ချင်း)၊ ဇန်နဝါရီ ၁၅ ရက်

ချင်းပြည်နယ်(တောင်ပိုင်း)တွင် ယခင် ၂၀၂၄ ခုနှစ်ထက် ပြည်မဘက်မှ ကုန်တင်ယာဥ် ဝင်ရောက်မှု များပြားသော်လည်း ကုန်ဈေးနှုန်းကျဆင်းခြင်းမရှိဘဲ ကုန်ဈေးနှုန်းမြင့်တက်နေဆဲ ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

ယခင်က ချင်းပြည်နယ်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား မကြာခဏ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကုန်တင်ယာဥ်ဝင်ရောက်မှုလည်း မကြာခဏပြတ်တောက်ခဲ့ရကြောင်း သိရသည်။

“အခုနောက်ပိုင်းမှာပေါ့။ ပြည်မနဲ့ မီဇိုးရမ်ပြည်နယ်ဘက်က ကုန်တင်ယာဥ်တွေ ဆက်တိုက် ရောက်လာတာတွေရှိတယ်။ ကုန်ဈေးနှုန်းကတော့ အရင်အတိုင်းပါပဲ။ ဈေးနှုန်းကျဆင်းတာတော့ မရှိဘူး။ ဒါပေမယ့် နောက်တစ်ခါ ကုန်စည်တွေ ပြန်ပြတ်လပ်မယ်ဆိုရင် ကုန်ဈေးနှုးန်ကတော့ ဒီထက် ထပ်တက်ဦးမှာပဲ” ဟု မတူပီမြို့နယ်၊ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ချင်းပြည်နယ်တွင် စစ်ကောင်စီက ဖြတ်လေးဖြတ်ကို အသုံးပြုခြင်းကြောင့် ကျန်းမာဆိုင်ရာ ဆေးဝါးများအပါအဝင် ကုန်စည်ပြတ်လပ်မှုကို ဒေသခံများမကြာခဏကြုံနေရပြီး ကုန်ဈေးနှုန်းများ လည်း အဆမတန်ဈေးမြင့်တက်နေကြောင်းသိရသည်။

ထို့အပြင် ဒေသခံများအနေဖြင့် ဝင်ငွေရရှိသည့် အလုပ်အကိုင်မရှိခြင်းကြောင့် စားဝတ်နေရေးအတွက် ရုန်းကန်နေကြရပြီး မိသားစုစားဝတ်နေရေးအဆင်ပြေနိုင်ရေးအတွက် ပြည်ပနိုင်ငံသို့ ထွက်ခွာလာသည့် ချင်းတိုင်းရင်းသားများ ပိုမိုများပြားနေကြောင်းသိရသည်။

ပုံစာ-မတူပီမြို့နှင့် မင်းတပ်မြို့။(ပုံအဟောင်း)
#ချင်းပြည်နယ်တောင်ပိုင်း #ကုန်စည်စီးဆင်းလည်ပတ်မှု #ကောင်းမွန်လာ #ကုန်ဈေးနှုန်းမြင့်တက်နေဆဲ #Ayeyarwaddy_Times